ခန္တီးခရိုင် ဟုမ္မလင်းမြို့နယ် ထိန်းကီးအုပ်စု ဆန်ကျိန်းကျေးရွာတွင် အိမ်သာကျင်း အတွင်းပြုတ် ကျခဲ့ သည့် ညီမဖြစ်သူ၏ လက်ကိုင်ဖုန်းကိုဆယ်ယူရာက အစ်ကိုအပါအဝင် ၄ ဦးသေဆုံးခဲ့မှုကိုသက်ဆိုင်ရာက သေမှုသေခင်း ဖွင့်စစ်ဆေးလျက်ရှိကြောင်း ဟုမ္မလင်းမြို့မရဲစခန်းက သိရသည်။
စက်တင်ဘာ ၁၈ ရက် ည ၈ နာရီခွဲ အချိန်ခန့်တွင် ထိန်းကီးအုပ်စု ဆန်ကျိန်းကျေးရွာနေ အသက် ၁၈ နှစ်အရွယ်အမျိုးသားသည် ညီမဖြစ်သူ၏ လက်ကိုင်ဖုန်း အိမ်သာအတွင်းကျသွားသဖြင့် သွားရောက် ကောက်ယူရာက ပြန်ရောက်မလာသဖြင့် အစ်ကိုဖြစ်သူ ကိုနိုင်ဆွေ(၂၉ နှစ်)က သွားကြည့်ရာ ညီဖြစ်သူ အိမ်သာကျင်းထဲသို့ကျနေသဖြင့် ကျင်းထဲသို့ဆင်းကာ ဆယ်ယူခဲ့သည်။
ထိုသို့ဆယ်ယူစဉ် ပြန်တက်မလာသဖြင့် အိမ်နီးချင်း မြင့်ဇော် (၂၁ နှစ်) နှင့် ရန်နိုင်လင်း (၂၁ နှစ်) တို့ က ကယ်ယူစဉ် ၄င်းတို့ ၄ ဦးစလုံးသေဆုံးနေသည်ကိုတွေ့ရှိ သဖြင့် အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများ ဆယ်ယူခဲ့ပြီး စက်တင်ဘာ ၁၉ ရက် နံနက် ၈ နာရီခွဲအချိန်ခန့်တွင် လူမှုကူညီရေးပရဟိတအဖွဲ့ (ဟမလ) ဖြင့် ဟုမ္မလင်းမြို့ ကုတင်(၁၀ဝ) ပြည်သူ့ဆေးရုံသို့ပို့အပ်ခဲ့ကြောင်းသိရသည်။
သေဆုံးမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာက ခမာသီနယ်မြေရဲစခန်းက သေမှုသေခင်းအမှတ် ၅/၁၈ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိ သည်။
















