မတ္တရာမြို့နယ်တွင် ကြက်ခြံ မိုးကြိုးပစ်ခံရပြီး တစ်ဦးသေဆုံး

မတ္တရာမြို့နယ်တွင် ကြက်ခြံ မိုးကြိုးပစ်ခံရပြီး တစ်ဦးသေဆုံး

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် ဝါးရင်းတုတ်ကျေးရွာတွင် စက်တင်ဘာ ၁၉ ရက်က ကြက်ခြံကို မိုးကြိုးပစ်ခံရစဉ် လူတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါနေ့ ည ၇ နာရီ ၂၀ မိနစ်အချိန်ခန့်တွင် ဝါးရင်းတုတ်ကျေးရွာနေ အသက် ၂၄ နှစ်အရွယ်အမျိုးသားသည် ၄င်းပိုင်ခြံဝင်းအတွင်း တစ်ရွာတည်းနေ အသက် ၅၇ နှစ်အရွယ် အလုပ်သမား အမျိုးသားနှင့်အတူ ကြက်စာ ကြွေးနေစဉ်ရုတ်တရက်မိုးရွာချခဲ့ပြီး ကြက်ခြံကို မိုးကြိုးပစ်ချခဲ့သည်။

ထိုသို့မိုးကြိုးပစ်ချစဉ် အသက် ၅၇ နှစ်အရွယ်အမျိုးသားမှာ ဦးခေါင်းငယ်ထိပ်ကို မိုးကြိုးထိမှန်ခဲ့ပြီး မီးလောင်ကျွမ်း ဒဏ်ရာ ဖြင့်နေရာတွင်သေဆုံးခဲ့သည်။ အသက် ၂၄ နှစ်အရွယ် ကြက်ခြံပိုင်ရှင်မှာ အကြောဆိုင်းသွားသဖြင့် မန္တလေးဆေးရုံကြီးသို့ တင်ပို့ကုသခဲ့ရသည်။

မတ္တရာမြို့နယ်မြေရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၂၀/၁၈ ဖြင့် အမှုဖွင့်အရေးယူထားသည်။