ထော်လာဂျီယာဉ်ဘရိတ်ပေါက်တိမ်းမှောက် အမျိုးသမီး ၂ ဦးသေဆုံးကာ ၁၀ ဦးထိခိုက်ဒဏ်ရာရ

ထော်လာဂျီယာဉ်ဘရိတ်ပေါက်တိမ်းမှောက် အမျိုးသမီး ၂ ဦးသေဆုံးကာ ၁၀ ဦးထိခိုက်ဒဏ်ရာရ

မိုးမောက်မြို့နယ်တွင် ထော်လာဂျီယာဉ်ဘရိတ်ပေါက်မှုဖြစ်ပွားကာ အမျိုးသမီး ၂ ဦးသေဆုံးပြီး ၁၀ ဦးထိခိုက်ဒဏ်ရာရရှိခဲ့မှု စက်တင်ဘာ ၁၉ ရက်နေ့က ဖြစ်ပွားခဲ့သည်။ 

အဆိုပါနေ့ နံနက် ၁၁ နာရီ အချိန်ခန့်တွင် ဗန်းမော်-မြစ်ကြီးနား ကား လမ်းမိုင်တိုင် ၆၅၀ နှင့် ၆၅၁ ကြား ရင်ကွဲတောင်ကုန်းဆင်းတွင် တာလီကျေးရွာမှ ဖာကေ ကျေးရွာသို့ မောင်းနှင်သည့် ထော်လာဂျီယာဉ်သည်  တစ်ရွာတည်းနေ မအေးကြောင်(၂၁)နှစ် အပါအဝင် ဓမ္မစင်္ကြာရွတ်ဆိုမည့် အမျိုးသမီး ၁၈ ဦးကိုတင် ဆောင်မောင်းနှင်စဉ် ဘရိတ်ပေါက်ခဲ့သည်။

ထိုသို့ဘရိတ်ပေါက်စဉ် ယာဉ်၏ ယာဘက်ဘေးသစ်သားပြားပြုတ်ထွက်ကာ ယာဉ်ပေါ်ပါသူများ ကားလမ်းမပေါ်သို့ပြုတ်ကျခဲ့ပြီး မအေးကြောင်ပါအမျိုးသမီး ၂ ဦးမှာ ဦးခေါင်း နောက်စေ့ကွဲ၊ နှာခေါင်း သွေးထွက်ဒဏ်ရာရရှိကာသေဆုံးခဲ့သည်။

 ဒေါ်အေကေ(၄၀)နှစ်အပါအဝင် အမျိုးသမီး ၁၀ ဦးတို့တွင် ပွန်းပဲ့ပေါက်ပြဲဒဏ်ရာများ ရရှိခဲ့သည်။ 

ဒေါ့ဖုန်းယန်နယ်မြေရဲစခန်း ယာဉ်(ပ) ၂/၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈/ ၃၃၇ အ အမှုဖွင့် အရေး ယူထားသည်။