ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စည်ပင်သာယာရေးကော်မတီမှ ပုတ်ပြတ်လုပ်သားများ နေထိုင်ရန် ဝန်ထမ်းလိုင်းခန်းများအား လာမည့် ဘဏ္ဍာနှစ်ဖြစ်သော ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် တောင်ဥက္ကလာပမြို့နယ်၌ ၃ ထပ် Steel structure အဆောက်အဦ ၄ လုံးကို တည်ဆောက်ပေးသွားမည်ဖြစ် ကြောင်း ရန်ကုန်မြို့တော်ဝန်က စက်တင်ဘာ ၂၁ ရက်၌ပြောဆိုသည်။
ရန်ကုန်တိုင်းအတွင်းရှိ စည်ပင်သာယာ၊ ပန်းဥယျာဉ်ဌာနမှ လုပ်သားများအတွက် နေထိုင်ရန် ဆောက်ပေးထားသော ဝန်ထမ်းလိုင်းခန်းများသည် ကျဉ်းမြောင်းပြီး ပျက်ဆီးနေသဖြင့် ပြုပြင်တည်ဆောက်ပေးရန် အစီအစဉ်ရှိ၊ မရှိကို စက်တင်ဘာ ၂၁ ရက်ကပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် တာမွေမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်း၏ မေးမြန်းမှုကို မြို့တော်ဝန်က အထက်ပါအတိုင်း ပြန်လည် ဖြေဆိုခဲ့ခြင်းဖြစ်သည်။
"ရန်ကုန်စည်ပင်လုပ်သားတွေက အဓိကပန်းဥယျာဉ်မှာမဟုတ်ဘူး။ လမ်းတံတားဌာန၊ ပန်းဥယျာဉ်ဌာန ၊ ပတ်ဝန်းကျင် သန့်ရှင်းရေးဌာနတွေကို နေရာတကျထားမှ ရတယ် ။ စည်ပင် လုပ်သားတွေကို နိုင်ငံတော်က ပေးထားတဲ့ အခြေခံလစာ ၄၈၀ဝ အပြင် ထောက်ပံ့ကြေးလည်း ပေးထားပါတယ်။ အဝတ်အစား စရိတ်ကအစ ပေးထားပါတယ်။ အဆင့်မြှင့်တင် တည်ဆောက်မှု အနေနဲ့ လာမယ့် ဘဏ္ဍာနှစ်ဖြစ်တဲ့ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှာလည်း တောင်ဥက္ကလာပမြို့နယ် သုံးထပ် Steel structure အဆောက်အဦ ၄ လုံးကိုလည်း တည်ဆောက်ပေးဖို့ အစီအစဉ်ရှိ ပါတယ်"ဟု´ဟု ၎င်းကပြောဆိုသည်။
အဆိုပါ တည်ဆောက်မည့် ဝန်ထမ်းအိမ်ရာ အခန်းအကျယ်အဝန်းမှာ ၁၂×၂၀ ပေ ရှိနိုင်ပြီး အခန်းပေါင်း ၆၆ ခန်းခန့် ရနိုင်ကြောင်း သိရသည်။
"၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှ စတင်ပြီး ဝန်ထမ်းတွေ စားဝတ်နေရေးအတွက် ထမင်းချက်ဆောင် လုပ်ပေးပါတယ်။ ဝန်ထမ်းမိသားစုတွေ သောက်သုံးရေအတွက် အဝီစိတွင်းနဲ့ ရေသွယ်မှုလုပ်ခဲ့ပါတယ်။ လျှပ်စစ်မီတာရဖို့ကိုလည်း မီတာပေါက် လျှပ်စစ်မီတာအသစ် ၈ လုံးကို တပ်ဆင်ပြီးတော့ ၂၀ဝ KVA ထရန်စဖော်မာတစ်လုံးကိုလည်း တပ်ဆင်ပေးထားပါတယ် "ဟု မြို့တော်ဝန်က ပြောဆိုသည်။
ပန်းဥယျာဉ်နှင့် အားကစားလုပ်သားများဌာနတွင် ပုတ်ပြတ်လုပ်သားပေါင်း ၁၅၅၇ ဦးရှိပြီး အိမ်ရာဝန်းအနေဖြင့် တောင်ဥက္ကလာမှာ အဆောက်အဦး ၂၅ လုံး၊ မြောက်ဥက္ကလာတွင် ၂ လုံး၊ ဒဂုံမြို့သစ်မြောက်ပိုင်းတွင် ၁ လုံး၊ ကမာရွတ်မြို့နယ်တွင် ၁၅ လုံး၊ ဒဂုံမြို့နယ်တွင်၂ လုံး၊ မင်္ဂလာဒုံမြို့နယ်တွင် ၆ လုံး၊ သာကေတမြို့နယ်တွင် ၃၁ လုံး စုစုပေါင်း ၈၁ လုံး ရှိသည်။
















