ရန်ကုန်တိုင်းဒေသကြီးတွင် သယ်ယူပို့ဆောင်ရေးမြစ်ကမ်းပါး တစ်လျှောက်ဖွံ့ဖြိုးရေးနှင့်မြို့ပြယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်း စောင့်ရှောက်ရေး မဟာဗျူဟာစီမံကိန်းကို ပြင်သစ် ချေးငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ပြည်ထောင်စု အစိုးရအဖွဲ့ထံမှ အတည်ပြုချက် ရရှိထားပြီဖြစ်ကြောင်း လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က စက်တင်ဘာ ၂၁ ရက်၌ပြောဆိုသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအနေနှင့် သယ်ယူပို့ဆောင်ရေး၊ မြစ်ကမ်းတစ်လျှောက်ဖွံ့ဖြိုးရေး နှင့် မြို့ပြယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေး မဟာဗျူဟာစီမံကိန်းကို ၂၀၁၇ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ ကြီးကြပ်အကောင်အထည်ဖော် ဆောင်ရွက်မည့်အစီအစဉ်တွင် လုပ်ဆောင် မည့် အစီအစဉ်များထဲမှ မည်သည့်လုပ်ငန်းစဉ်များကို စတင်အကောင်အထည်ဖော် ဆောင်ရွက် နေသည်ကို သိရှိလို ကြောင်း ပန်းဘဲတန်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက စက်တင်ဘာ ၂၁ ရက်၌ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေး၌ မေးမြန်းမှုကို ဝန်ကြီးကပြောဆိုသည်။
စီမံကိန်းအား အကောင်အထည်ဖော်ဆောင်ရွက်ရန် ပူးပေါင်းဆောင်ရွက်ရေး ကော်မတီကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ဖွဲ့စည်းပေးထားခဲ့ပြီးဖြစ်ကြောင်း၊ လုပ်ငန်းအကောင်အထည် ဖော်ဆောင်ရွက်မည့် (PMU)(Project Management Unit) အဖွဲ့အား ဆက်စပ်ဌာနများပါဝင်မည့် ပူးပေါင်းအဖွဲ့များဖြင့် ထပ်မံဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်များအားလည်း အသိပေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဝန်ကြီးက ပြန်လည်ဖြေဆို ခဲ့သည်။

















