မြန်မာနှင့်ကမ္ဘောဒီးယား ဆူဇူကီးအုပ်စုပွဲစဉ်ကို မန္တလေးမြို့၌ ကျင်းပရန် အတည်ပြု

မြန်မာနှင့်ကမ္ဘောဒီးယား ဆူဇူကီးအုပ်စုပွဲစဉ်ကို မန္တလေးမြို့၌ ကျင်းပရန် အတည်ပြု

၂၀၁၈ဆူဇူကီးဖလားပြိုင်ပွဲ အုပ်စုပွဲစဉ် နှစ်ပွဲအား မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပရမည် ဖြစ်ရာ အုပ်စုပွဲစဉ်တစ်ပွဲဖြစ်သည့် မြန်မာနှင့် ကမ္ဘောဒီးယားပွဲစဉ်ကို မန္တလေးမြို့တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဖြစ်ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က အတည်ပြုထုတ်ပြန်ခဲ့သည်။

အတည်ပြု

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် အုပ်စုပွဲစဉ်နှစ်ပွဲအား ယခင်က ရန်ကုန်မြို့ သုဝဏ္ဏကွင်း၌သာ ကျင်းပရန် ရည်မှန်းခဲ့သော်လည်း  အထက်မြန်မာပြည် ပရိသတ်များပါ ကွင်းအတွင်း အားပေးကြည့်ရှုနိုင်ရန် အတွက် ပွဲစဉ်တစ်ပွဲကို မန္တလေးမြို့တွင် ကျင်းပသွားရန် အာဆီယံဘောလုံးအဖွဲ့ချုပ်သို့ တင်ပြခဲ့ခြင်း ဖြစ်သည်။ထို့နောက်  မန္တလေးမြို့၊မန္တလာသီရိကွင်းတွင် ကျင်းပရန်အတွက် ကုန်ကျစရိတ်များကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကသာကျခံရန် အာဆီယံဘောလုံး အဖွဲ့ချုပ်က ဆုံးဖြတ်ပြီးနောက် စက်တင်ဘာ ၂၁ရက်တွင် အတည်ပြုခဲ့ခြင်း ဖြစ်သည်။ 

ဖြေဆိုခဲ့ခြင်းမရှိ

မန္တလေးမြို့တွင်ကျင်းပမည့် ပွဲစဉ်အတွက် LGSပြိုင်ပွဲ စပွန်ဆာအမှတ်တံဆိပ် ကုန်ကျစရိတ်နှင့်ပတ်သက်၍ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အား ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခဲ့ခြင်းမရှိခဲ့ပေ။ အိမ်ရှင်အဖြစ်ကျင်းပမည့် အုပ်စုပွဲစဉ်နှစ်ပွဲအနက်  မြန်မာနှင့် ကမ္ဘောဒီးယားပွဲစဉ်ကို နိုဝင်ဘာ ၁၂ရက်တွင် မန္တလာသီရိကွင်း၌လည်းကောင်း၊  မြန်မာနှင့်ဗီယက်နမ်အသင်းပွဲစဉ်ကို နိုဝင်ဘာ၂ဝရက်တွင် သုဝဏ္ဏကွင်း၌ လည်းကောင်း ကျင်းပမည်ဖြစ်သည်။

မြန်မာအသင်းသည် ဆူဇူကီးပြိုင်ပွဲအုပ်စု(က)တွင် ကမ္ဘောဒီးယား၊လာအို၊ဗီယက်နမ်၊မလေးရှားအသင်းတို့နှင့်အတူကျရောက်နေပြီး လာအိုနှင့် မလေးရှားအသင်းတို့ကို အဝေးကွင်း၌ ယှဉ်ပြိုင်ရမည်ဖြစ်သည်။



ဖတ်ရှုမှုအများဆုံး