အာရှယူ-၁၆အမျိုးသမီးချန်ပီယံရှစ် ပထမအဆင့်ခြေစစ်ပွဲယှဉ်ပြိုင်လျက်ရှိသော မြန်မာအမျိုးသမီးအသင်းသည် ဒုတိယမြောက်ပွဲအဖြစ် အိမ်ရှင်နီပေါအသင်းနှင့်စက်တင်ဘာ ၂၁ရက် မြန်မာစံတော်ချိန် ညနေ ၄နာရီ ၁၅မိနစ်က Halchowk ကွင်း၌ ယှဉ်ပြိုင်ခဲ့ရာ ၁၁ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။
ဦးဆောင်ခဲ့
မြန်မာအသင်း ဂိုးသမားနေရာတွင် ခင်မြတ်မိုးပွဲထွက်လာခဲ့ပြီး ဇင်မာထွေး၊မြတ်နိုးခင်၊ဆွေမာအောင် စသည့်အဓိက ကစားသမားများဖြင့် နီပေါအသင်းကို ရင်ဆိုင်ခဲ့သည်။ မြန်မာအသင်းသည် ပွဲအစ လေးမိနစ်၌ပင် ဇင်မာထွေးက ဦးဆောင်ဂိုးသွင်းယူခဲ့သည်။
ထို့နောက် ဆွေမာအောင်က ပွဲချိန် ၅၊၇၊၁၈၊၂၁နှင့် ၃၈မိနစ်များတွင် တစ်ဦးတည်းငါးဂိုးသွင်းယူခဲ့ပြီး မြတ်နိုးခင်က ၁၀၊၂၉နှင့် ၃၃မိနစ်များတွင် ဟက်ထရစ်သွင်းယူခဲ့သည်။ ပွဲချိန်၃၁မိနစ်တွင် ဝေဖူးအိမ်က မြန်မာအသင်းအတွက် သွင်းဂိုးတစ်ဂိုးသွင်းယူခဲ့၍ ပထမပိုင်းအပြီးတွင် မြန်မာအသင်းက ၁ဝဂိုး ဂိုးမရှိဖြင့်ဦးဆောင်နေခဲ့သည်။
ယှဉ်ပြိုင်ရမည်
ဒုတိယပိုင်းတွင် မြန်မာအသင်းမှ ကစားသမားများအပြောင်းအလဲပြုလုပ်ခဲ့သော်လည်း နီပေါအသင်းကို အသားစီးဖြင့် ဆက်လက်ကစားခဲ့ပြီး ၆၂မိနစ်တွင် ပုံ့ပုံ့ပြည့်မောင်က ၁၁ဂိုးမြောက်ဂိုးကို သွင်းယူခဲ့သည်။
မြန်မာအသင်းသည် ပွဲဦးထွက်ပွဲစဉ်၌ မလေးရှားအသင်းကို သုံးဂိုး ဂိုးမရှိဖြင့် အနိုင်ရထားရာ နှစ်ပွဲကစား၊နှစ်ပွဲနိုင်ဖြင့် အုပ်စုကို ဦးဆောင်ထားသည်။ ပထမအဆင့်ခြေစစ်ပွဲ နောက်ဆုံးပွဲစဉ်အဖြစ် စက်တင်ဘာ ၂၃ရက် မွန်းလွဲ ၁၂နာရီ ၁၅မိနစ်တွင် မြန်မာနှင့် ဖိလစ်ပိုင်အသင်းယှဉ်ပြိုင်ရမည်ဖြစ်သည်။















