ပဲခူးခရိုင် ဝေါမြို့နယ်ရှိ မြေနုကျွန်းဧက ၃၀ဝ အား လက်ရှိကျူးကျော်ထားသူများကိုသာ ပြန်လည်ချထားပေးမည့်ကိစ္စ ကန့်ကွက်ခံရသဖြင့် မြေနုကျွန်းဥပဒေအတိုင်း ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စက်တင်ဘာ ၂၀ ရက်ကကျင်းပသည့် ဒုတိယအကြိမ် ပဲခူး တိုင်းဒေသကြီးလွှတ်တော် ဒသမပုံမှန်အစည်းအဝေး(နဝမနေ့)မှ သိရသည်။
လုပ်ပိုင်ခွင့်ချထားရန်
အစည်းအဝေးတွင် ဝေါမြို့နယ်မှ အမှတ် (၂)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ရီရီထိုက်က ဝေါမြို့နယ်ရှိ သောင်မြေ၊ မြေနုကျွန်းများအား မြေနုကျွန်းဥပဒေအတိုင်း အကောင်အထည်ဖော်ပေးရန်ရှိ၊ မရှိဆိုသည့် ကြယ်ပွင့်ပြမေးခွန်းကို တိုင်းဒေသကြီးစိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်ကဖြေကြားစဉ် ကျူးကျော်ထားသူများ ကိုသာ လုပ်ကိုင်ခွင့်ချထားပေးရန် ပြောဆိုခဲ့ခြင်းဖြစ်သည်။
"လွန်ခဲ့သောနှစ်နှစ်ကလည်း ကျွန်မ ကြယ်ပွင့်မပြမေးခွန်းအဖြစ် မြေနုကျွန်းကိစ္စ မေးဖူး ပါတယ်။ အဲဒီတုန်းကတော့ မြေနုကျွန်းဥပဒေအတိုင်းလုပ်ပေးမယ်ဆိုပြီး ယနေ့အထိ အကောင် အထည်မဖော်ပေးလို့ ကြယ်ပွင့်ပြမေးခွန်းအဖြစ် ပြန်မေးတာပါ။ ဝန်ကြီးက ဥပဒေမဲ့ ကျူးပြီး စိုက်ပျိုးထားသူတွေကိုပဲ ပြန်လည်ချပေးမယ်ဆိုတော့ မြေနုကျွန်းဥပဒေနဲ့ လွဲနေတယ်။ မြို့နယ် လယ်/စီကလည်း ဆုံးဖြတ်ချက်ကိုမသိဘူး။ မြေနုကျွန်းဥပဒေမှာက လယ်မဲ့၊ ယာမဲ့တွေကို တန်းစီဇယားအဖြစ်ပေးရမှာပါ။ ဒါကြောင့်မို့ ဥပဒေနဲ့အညီ ပြန်ဆောင်ရွက်ပေးဖို့ ထပ်ဆင့် ပြန်လည်မေးရတာပါ"ဟု တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ရီရီထိုက်က ပြောဆို သည်။
အကြောင်းကြားစာ
မြေနုကျွန်းပေါ်တွင် လက်ရှိကျူးကျော်ထားသူများကိုသာ ပြန်လည်ချထားပေးမည်ဟု ဝန်ကြီးကပြောဆိုခြင်းကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ရီရီထိုက်က ကန့်ကွက် ခဲ့ခြင်းကြောင့် ဥပဒေနှင့်အညီ ပြန်လည်လုပ်ဆောင်ပေးရန် ဌာနအဆင့်ဆင့်ထံ စအကြောင်း ကြားသွားမည်ဖြစ်ကြောင်း ဝန်ကြီးက ပြောဆိုသည်။
"ကျေးရွာလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က တန်းစီဇယားနဲ့လျှောက်ထားသူစာရင်းနဲ့ ယခင် ကျူးပြီးစိုက်ပျိုးထားသူများ အငြင်းပွားမှုဖြစ်ပေါ်လာနိုင်ပြီး ရပ်ရွာအေးချမ်းသာယာရေးပါထိခိုက် နိုင်လို့ ယခင်လုပ်ကိုင်နေသောအဖွဲ့ကိုပဲ ပြန်လည်လုပ်ပိုင်ခွင့်ချပေးဖို့ ပြောခဲ့တာပါ။ လွှတ်တော် ကိုယ်စားလှယ်က ကန့်ကွက်သဖြင့် ဥပဒေနဲ့အညီ အဆင့်ဆင့် ပြန်လည်လုပ်ဆောင်ပေးရန် အတွက် စာဖြင့်ပြန်လည်အကြောင်းကြားပေးပါ့မယ"ဟု ဝန်ကြီးဦးအောင်ဇော်နိုင်က ပြောဆို သည်။
ဝေါမြို့နယ်ရှိ ဧက ၃၀ဝ ကျော် ပေါ်ထွန်းနေသောသောင်မြေများကို ၂၀၁၇ ခုနှစ် မေလ နှင့်ဇွန်လတို့တွင် တိုင်းတာစစ်ဆေးခဲ့စဉ် ကျေးရွာများရှိ လယ်ယာမြေမရှိသောဒေသခံ ၉၈ ဦးကလျှောက်ထားခဲ့ပြီး လက်ရှိတွင် မြေနုကျွန်းပေါ်၌ ကျုးကျော်စိုက်ပျိုးထားသူ ၇၄ ဦးရှိကြောင်း သိရသည်။

















