ခိုးမှုကျူးလွန်သူက ဓားဖြင့်ပြန်လည်ခုခံသဖြင့် ရာဘာကျည်ဖြင့်ပစ်ခတ်ဖမ်းဆီး

ခိုးမှုကျူးလွန်သူက ဓားဖြင့်ပြန်လည်ခုခံသဖြင့် ရာဘာကျည်ဖြင့်ပစ်ခတ်ဖမ်းဆီး

မင်္ဂလာဒုံမြို့နယ် သင်္ဃန်းကျွန်းကြီးကျေးရွာတွင် ခိုးမှုကျူးလွန်ထားသူကို သက်ဆိုင်ရာကဖမ်းဆီးစဉ် မောင်းချဓားဖြင့် ပြန်လည်ခုခံသဖြင့် သက်ဆိုင်ရာက ရာဘာကျည်သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးရမှု စက်တင်ဘာ ၂၂ ရက်က ဖြစ်ပွားခဲ့သည်။ 

ဖြစ်စဉ်မှာ စက်တင်ဘာ ၁၆ ရက်က သင်္ဃန်းကျွန်းကြီးကျေးရွာရှိ သံတိုသံစရောင်း/ဝယ်ရေး လုပ်ငန်းတွင် အိပ်ပျော်နေသူ လူငယ်ထံမှ လက်ကိုင်ဖုန်းခိုးယူခံခဲ့ရသည်။ခိုးယူခဲ့သူသည် မြရတနာရပ်ကွက် နှင်းဆီလမ်းတွင်နေထိုင်သည့် သန်းဇော်ဦး (၄၆) နှစ်ဖြစ်ပြီး စက်တင်ဘာ ၂၂ ရက် မွန်းလွဲ ၃ နာရီခွဲခန့်တွင် သက်ဆိုင်ရာက သန်းဇော်ဦးနေအိမ်သို့ သွားရောက်ဖမ်းဆီးခဲ့သည်။ ထိုသို့ဖမ်းဆီးစဉ် သန်းဇော်ဦးက အရိုးအသွား ၁၂ လက်မခန့် မောင်းချဓားဖြင့် ပြန်လည်ခုခံရန် နေအိမ်အတွင်းမှ ပြေးထွက်လာခဲ့သည်။ထို့နောက် သန်းဇော်ဦးက ရဲဝန်ထမ်းကို ဓားဖြင့်ပြေးထိုးကာ ရန်ပြုခဲ့သောကြောင့် ဖမ်းဆီးရေးအဖွဲ့က ပန့်အက်ရှင် သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ သန်းဇော်ဦး၏ ဝမ်းဗိုက် ၊ရင်ဘတ်နှင့် ဝဲဘက် လက်မောင်းရင်းတို့တွင် ပေါက်ပြဲ ဒဏ်ရာများရရှိလဲကျသွားခဲ့သည်။

ထိုသို့လဲကျစဉ် ဝိုင်းဝန်းဖမ်းဆီးခဲ့ရာ သန်းဇော်ဦးက လဲကျရာမှ ချက်ချင်းပြန်ထကာ ရာအိမ်မှူးကို မောင်းချဓားဖြင့် ထပ်မံတိုက်ခိုက်ခဲ့သည်။ထို့ကြောင့် ဖမ်းဆီးရေးအဖွဲ့က ပန့်အက်ရှင် သေနတ်ဖြင့် ဒုတိယအကြိမ်ပစ်ခတ်ခဲ့ရာ သန်းဇော်ဦး၏ ဝဲလက်ဖျံနှင့် ယာလက်ပြင်တို့တွင် ပေါက်ပြဲဒဏ်ရာများရရှိဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသူ သန်းဇော်ဦးကို မြောက်ဥက္ကလာပဆေးရုံသို့တင်ပို့ကုသခဲ့ပြီး တိုင်ကြားထားသည့် လက်ကိုင်ဖုန်းခိုးယူမှုနှင့်ပတ်သက်၍ မင်္ဂလာဒုံမြို့မရဲစခန်းက (ပ)၉၃၆/၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀ အရ အမှုဖွင့်ကာ ဆက်လက်အရေးယူထားသည်။