လက်ဖက်ခြောက်အိတ်ဖြင့် ထုတ်ထားသည့် ICE မူးယစ်ဆေးဝါး သိန်းနှစ်သောင်းခွဲဖိုး ဖမ်းမိ

လက်ဖက်ခြောက်အိတ်ဖြင့် ထုတ်ထားသည့် ICE မူးယစ်ဆေးဝါး သိန်းနှစ်သောင်းခွဲဖိုး ဖမ်းမိ

ကျိုင်းတုံမြို့နယ်တွင် လက်ဖက်ခြောက်အိတ်ဖြင့်ထုတ်ထားသည့် ICE မူးယစ်ဆေးဝါး သိန်း ၂၅၀ဝ၀ ဖိုးကို သက်ဆိုင်ရာက စက်တင်ဘာ၂၃ ရက်က ဖမ်းဆီးခဲ့ကြောင်း သိရသည်။

အဆိုပါနေ့ နံနက် ၃ နာရီခွဲခန့်တွင် ကျိုင်းတုံမြို့နယ် ကတ်ဖအုပ်စု ကတ်ဖကျေးရွာနှင့် နောင်ငင်းကျေးရွာကြား ကျိုင်းတုံ-မိုင်းလားသွားလမ်းပေါ်တွင် မူးယစ်သတင်းအရ သက်ဆိုင်ရာပူးပေါင်းအဖွဲ့ဝင်များက မိုင်းလားမြို့ဘက်မှ ကျိုင်းတုံမြို့တွင်းသို့ မောင်းနှင်လာသော ယာဉ်အမှတ် SHN-7K/---- Fortuner မော်တော်ယာဉ်ကို တားဆီးစစ်ဆေးခဲ့သည်။ 
ထို့သို့တားဆီးစဉ် ယာဉ်မှာ ရုတ်တရက်နောက်သို့ပြန်ဆုတ်ခဲ့ပြီး ယာဉ်မောင်းနှင့် ယာဉ်ပေါ်ပါ ၂ ဦးမှာ ကားပေါ်မှ ဆင်း၍ ထွက်ပြေးသွားခဲ့သည်။ မော်တော်ယာဉ်ပေါ်တွင် ပီနံအိတ်အတွင်း လက်ဖက် ခြောက်အိတ်ဖြင့်ထုတ်ထားသည့် ICE ၁၀ဝ ဂရမ် တန်ဖိုး ကျပ် ၂၅၀ဝ၀ သိန်း တွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။ 
ထို့ပြင် မော်တော်ယာဉ်ပေါ်တွင် အိုက်လုတ် အမည်ပါ မြန်မာ-ထိုင်းနိုင်ငံ တာချီလိတ်နယ်စပ် တံတားကူး လက်မှတ်နှင့် အိုက်လုတ်၏ ဓာတ်ပုံတို့အား တွေ့ရှိ သိမ်းဆည်းရမိသဖြင့် အမှုဖြင့်တိမ်းရှောင်နေသူကို အရေးယူပေးရန် တိုင်ကြားခဲ့သည်။ 
ကျိုင်းတုံမြို့မရဲစခန်းက မယ(ပ)၁၉၂/၁၈၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေပုဒ်မ ၁၉(က)/ ၂၀(က)/၂၁ အရ အမှုဖွင့်အရေးယူထားသည်။