အင်ဒိုနီးရှားသမ္မတ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုများစတင်

အင်ဒိုနီးရှားသမ္မတ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုများစတင်

၂၀၁၉ ခုနှစ် ဧပြီတွင် ကျင်းပမည့် အင်ဒိုနီးရှားသမ္မတရွေးကောက်ပွဲများအတွက် မဲဆွယ်စည်းရုံးမှုသည် စက်တင်ဘာ ၂၃ ရက်တွင် စတင်ခဲ့ပြီဖြစ်သည်။

လက်ရှိသမ္မတ ဂျိုကို ဝီဒိုဒိုနှင့် စစ်ဗိုလ်ချုပ်ဟောင်း ပရာဘိုဝို ဆူဘီယန်တို့ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ လက်တွေ့ကျသော ပုံစံနှင့် အခြေခံအဆောက်အအုံအဆင့်မြှင့်တင်ရေးလုပ်ဆောင်မှုများကြောင့် နိုင်ငံသားများကြား လူကြိုက်များသည့် ဝီဒိုဒိုသည် ပရာဘိုဝိုထက် လူကြိုက်များခံနေရကြောင်း လူထုအမြင်စစ်တမ်းများအရ သိရသည်။ 
သို့သော် အင်ဒိုနီးရှားနိုင်ငံသုံးငွေ ရူပီယာ၏တန်ဖိုးသည် ဆယ်စုနှစ်နှစ်စုအတွင်း အနိမ့်ဆုံးသို့ကျဆင်းနေခြင်းအပါအဝင် စီးပွားရေးပြဿနာများရှိနေခြင်းနှင့် ဝီဒိုဒိုပြန်လည် အရွေးမခံရရေး သတင်းတုများဖန်တီးမှုများရှိနေသောကြောင့် ဝီဒိုဒိုသည် အနိုင်ရရှိရေး အပြင်းအထန်ကြိုးပမ်းရမည်ဖြစ်သည်။
    ကမ္ဘာ့တတိယမြောက်လူဦးရေအများဆုံး ဒီမိုကရေစီနိုင်ငံဖြစ်သလို ကမ္ဘာ့မွတ်စလင်ဦးရေအများဆုံးနိုင်ငံလည်းဖြစ်သည့် အင်ဒိုနီးရှားရှိ မဲပေးခွင့်ရှိသူ ၁၈၆ သန်းသည် ဧပြီ ၁၇ ရက်တွင် သမ္မတရွေးကောက်ပွဲ၊ အမျိုးသားနှင့် ဒေသဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲများအတွက် မဲပေးကြမည်ဖြစ်သည်။
    ငြိမ်းချမ်းစွာယှဉ်ပြိုင်မဲဆွယ်ပြီး ကောလာဟလဖြန့်မှုနှင့် လူမျိုးရေး၊ ဘာသာရေးတို့ကို နိုင်ငံရေးအရ အသုံးမချပါဟု ပြိုင်ဘက်နှစ်ဦးစလုံးက ဂျကာတာ၌ စက်တင်ဘာ ၂၃ ရက်တွင် ပြုလုပ်ခဲ့သည့် မဲဆွယ်မှုစတင်သည့် အခမ်းအနားတွင် ကတိပြုခဲ့သည်။
    ဂျိုကိုဝီဟုလည်း သိကြသည့် ဝီဒိုဒိုသည် ဒုတိယသမ္မတလောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်မည့်သူအဖြစ် ကွန်ဆာဗေးတစ် အစ္စလာမ်ဘာသာရေးဆရာ မာရူအာမင်ကိုရွေးချယ်ခဲ့သောကြောင့် နိုင်ငံသားများ အံ့သြခဲ့ရသည်။ အသက် ၇၅ နှစ်အရွယ် အာမင်သည် ဖာတဝါများကို ထုတ်ပြန်သည့် အင်ဒိုနီးရှားအူလဲမာကောင်စီ၏ အကြီးအကဲဖြစ်ပြီး လူနည်းစုဝင်များကိုလည်း တိုက်ခိုက်ပြောဆိုခဲ့ဖူးသူဖြစ်သည်။
    အင်ဒိုနီးရှားစုစုပေါင်းလူဦးရေဖြစ်သည့် သန်း ၂၆၀ အနက် ၉၀ ရာခိုင်နှုန်းမှာ သင့်တင့်မျှတသော အစ္စလာမ်အယူကို လက်ခံသူများဖြစ်ကြသည်။ ဝိီဒိုဒို၏ပြိုင်ဘက် ပရာဘိုဝိုသည်လည်း ဒုတိယသမ္မတလောင်းအဖြစ် စီးပွားရေးလုပ်ငန်းရှင်ဖြစ်သလို ဂျကာတာဒုတိယအုပ်ချုပ်ရေးမှူးဟောင်းလည်းဖြစ်သည့် ဆန်ဒီယာဂါအူနိုကို ရွေးချယ်ထားသည်။
    ၂၀၁၄ ခုနှစ် ရွေးကောက်ပွဲတွင် ဝီဒိုဒိုုကိုရှုံးနိမ့်ခဲ့သည့် ပရာဘိုဝိုသည် ၁၉၉၈ ခုနှစ်တွင် အာဏာရှင် ဆူဟာတို ကျောင်းသားများဆန္ဒပြမှုကြောင့် မပြုတ်ကျမီ လအနည်းငယ်အလိုတွင် ထိပ်တန်းစစ်ဘက်ခေါင်းဆောင်တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ ဆူဟာတိုပြုတ်ကျပြီးနောက် ပရာဘိုုဝိုသည် ဒီမိုကရေစီအရေးလှုပ်ရှားသူများကို ပြန်ပေးဆွဲခဲ့ကြောင်း ဝန်ခံခဲ့ပြီးနောက် စစ်တပ်မှ အနားပေးခံခဲ့ရသည်။