မမျှတနိုင်ဟု ဝေဖန်ပြစ်တင်ခံရသည့် မော်လဒိုက်ရွေးကောက်ပွဲစတင်

မမျှတနိုင်ဟု ဝေဖန်ပြစ်တင်ခံရသည့် မော်လဒိုက်ရွေးကောက်ပွဲစတင်

အိန္ဒိယနှင့်တရုတ်တို့၏ အနီးကပ်စောင့်ကြည့်ခြင်းခံနေရပြီး အငြင်းပွားဖွယ်ရာအခြေအနေများကြောင့် အပြင်းအထန် ဝေဖန်ခံနေရသည့် မော်လဒိုက်နိုင်ငံငယ်လေး၏ ရွေးကောက်ပွဲမဲပေးမှုများ စက်တင်ဘာ ၂၃ ရက်၌ စတင်ခဲ့ပြီဖြစ်သည်။

ကမ္ဘာလှည့်ခရီးသွားများအတွက် ကြည်လင်သည့်ရေပြင်နှင့် ဇိမ်ခံဟိုတယ်များကြောင့် ကျော်ကြားသည့် အိန္ဒိယ သမုဒ္ဒရာအတွင်းမှ နိုင်ငံငယ်လေးမှ အာဏာပိုင်များသည် သဘောထားကွဲပြားသူများကို ဖိနှိပ်သည်ဟု စွပ်စွဲခံထားရသည်။ သမ္မတအဗ္ဗဒူလာယာမင်းန်သည် တရုတ်လိုလားပြီး အတိုက်အခံ အီဘရာဟမ်မိုဟာမက်ဆိုလစ်မှာမူ အိန္ဒိယနှင့် အနောက် လိုလားသူဟု ရှုမြင်ခံရသည်။
    ရွေးကောက်ပွဲအကြိုရက် စက်တင်ဘာ ၂၂ ရက်ညမှာပင် မော်လဒိုက်ရဲတပ်ဖွဲ့ဝင်များသည် မဲဝယ်ရန်ကြိုးစားသူ တစ်ဦးကို ရှာဖွေရန် အကြောင်းပြချက်ဖြင့် မိုဟာမက်ဆိုလစ်၏ မဲဆွယ်ရုံးခန်းကို ဝင်ရောက် စီးနင်းခဲ့သေးသည်။ ယင်းအချိန်တွင် ရုံး၌ မိုဟာမက်ဆိုလစ် ရှိမနေခဲ့ချေ။
    ဖေဖော်ဝါရီလက မော်လဒိုက်တရားရုံးချုပ်သည် ပြည်ပြေးသမ္မတဟောင်း မိုဟာမက်နာရှက်ဒ် အပါအဝင် အတိုက်အခံ ပုဂ္ဂိုလ်ကိုးဦးတို့အား အပြစ်ဒဏ်စီရင်မှုကို ပယ်ချခဲ့သည်။ သို့သော် သမ္မတ ယာမင်းန်က တရားသူကြီးနှစ်ဦးကို ဖမ်းချုပ်ရန် အမိန့်ပေးလျက် နိုင်ငံတော်အရေးပေါ်အခြေအနေ ကြေညာခဲ့ပြီးနောက်တွင် တရားရုံးချုပ်သည် မူလစီရင်ချက်ကို ပြန်ပြောင်းခဲ့သည်။
    သန္တာကျောက်တန်း ၂၆ ခုနှင့် ကျွန်းငယ် ၁၁၉၂ ခုဖြင့် ဖွဲ့စည်းကာ လူဦးရေလေးသိန်းကျော်သာရှိသည့် မော်လဒိုက်၏ ရွေးကောက်ပွဲအခြေအနေကို စိုးရိမ်ကြောင်း အမေရိကန်နှင့် ဥရောပသမဂ္ဂတို့က ပြောဆိုထားသည်။ 
    သမ္မတရာမင်းန်လက်အောက်၌ မော်လဒိုက်သည် အဓိကစီမံကိန်းများတွင် တရုတ်ရင်းနှီးမှုများကိုလည်း ကြိုဆိုခဲ့ပြီး တရုတ်နှင့် လွတ်လပ်စွာကုန်သွယ်ရေးသဘောတူညီချက် လက်မှတ်ရေးထိုးခဲ့သည်။ မော်လဒိုက်သို့ တရုတ်ခရီးသည် ဝင်ရောက်မှုမှာလည်း အခြားခရီးသည်များထက် ပိုမိုများပြားသည်။ ယင်းကြောင့် တရုတ်သည် မော်လဒိုက်တွင် အုပ်စိုးသူပြောင်းလဲမည်ကိုစိုးရိမ်ပြီး အိန္ဒိယသည်လည်း မော်လဒိုက်သည် တရုတ်နှင့်ပိုမိုနီးစပ်သွားမည်ကို စိုးရိမ်ကြောင်း သုံးသပ်မှုများ ရှိနေသည်။