စစ်ရေးပြပွဲ၌ တိုက်ခိုက်ခံရမှုအတွက် ပင်လယ်ကွေ့နိုင်ငံများကို အီရန်ခေါင်းဆောင်များ အပြစ်ဖို့

စစ်ရေးပြပွဲ၌ တိုက်ခိုက်ခံရမှုအတွက် ပင်လယ်ကွေ့နိုင်ငံများကို အီရန်ခေါင်းဆောင်များ အပြစ်ဖို့

အီရန်နိုင်ငံအနောက်တောင်ပိုင်းရှိ အာဗက်ဇ်မြို့၌ စစ်ရေးပြပွဲပြုလုပ်နေစဉ်တိုက်ခိုက်ခံခဲ့ရခြင်းအတွက် အမေရိကန် ကျောထောက်နောက်ခံပြုသည့် ပင်လယ်ကွေ့နိုင်ငံများကို အီရန်ခေါင်းဆောင်များက အပြစ်ဖို့ခဲ့သည်။ အီရန်အာဏာပိုင်များသည် ဗြိတိန်၊ နယ်သာလန်နှင့် ဒိန်းမတ်သံတမန်များကို ဆင့်ခေါ်ပြီး ၄င်းတို့နိုင်ငံများသည် အီရန်အတိုက်အခံများကို ထောက်ပံ့နေသည်ဟု စွပ်စွဲရှုတ်ချခဲ့ကြောင်း နိုင်ငံပိုင်အီရာနာသတင်းဌာနက ပြောဆိုသည်။

ကလေးတစ်ဦးအပါအဝင် လူ ၂၅ ဦးသေဆုံးခဲ့ရသည့် ရေနံကြွယ်ဝရာဒေသတွင်း စက်တင်ဘာ ၂၂ ရက် တိုက်ခိုက်မှုသည် အီရန်နိုင်ငံအတွင်း မလုံမခြုံဖြစ်ရန် အမေရိကန်ရုပ်သေးရုပ်တို့ဖန်တီးမှုဟု အီရန်ခေါင်းဆောင် အယာတိုလာ အလီခါမေနီက ပြောဆိုခဲ့သည်။ အစောင့်တပ်ပြောခွင့်ရပုဂ္ဂိုလ်က တိုက်ခိုက်သူများသည် အမေရိကန်၊ အစ္စရေးတို့နှင့်ဆက်နွှယ်သည့် ပင်လယ်ကွေ့နိုင်ငံ နှစ်ခုတွင် လေ့ကျင့်ထားသူများဖြစ်ကြောင်း ပြောဆိုခဲ့သည်။
     စောစောပိုင်းတွင် အစိုးရဆန့်ကျင်ရေး အာရပ်အုပ်စုတစ်ခုဖြစ်သည့် အာဗက်ဇ် အမျိုးသားခုခံရေးအုပ်စုနှင့် အိုင်အက်စ်တို့ကလည်း ၄င်းတို့လက်ချက်ဟု ကြေညာခဲ့ပြီး သက်သေပြနိုင်ခြင်း မရှိခဲ့ချေ။
    တိုက်ခိုက်မှုကြောင့် သေဆုံးသူထက်ဝက်နီးပါးသည် ခါမေနီ့ကွပ်ကွဲမှုအောက်မှ အီရန်အထူးတပ်ဖြစ်သည့် တော်လှန်ရေးအစောင့်တပ်မှ ဖြစ်ကြောင်း သတင်းများပေါ်ထွက်ခဲ့သည်။ တိုက်ခိုက်သူလေးဦးလည်း သေဆုံးခဲ့သည်။ အီရန်သည် ၁၉၈၀-၈၈ အီရတ်နှင့်စစ်ပွဲ စတင်ခဲ့ကတည်းက နိုင်ငံတစ်ဝန်း စစ်ရေးပြပွဲများစွာ ကျင်းပခဲ့သည်။