ကမ္ဘာတစ်ဝန်း ၂၀၁၆ ခုနှစ်အတွင်း အရက်အလွန်အကျွွံသောက်သုံးမှုကြောင့် လူ ၃ သန်းကျော်သေဆုံးခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့( WHO) ကပြောဆိုခဲ့သည်။
အမျိုးသား ၂၃၇ သန်းနှင့် အမျိုးသမီး ၄၆ သန်းတို့သည် အရက်ဆိုင်ရာပြဿနာများနှင့်ကြုံတွေ့နေရပြီး အထူးသဖြင့် ဥရောပနှင့် အမေရိကနိုင်ငံများ၌ ဖြစ်ကြောင်း စက်တင်ဘာ ၂၂ ရက်တွင် ထုတ်ပြန်သည့် အစီရင်ခံစာ၌ ဖော်ပြထားသည်။ ဥရောပသည် လူတစ်ဦးချင်း အရက်သောက်သုံးမှုနှုန်းအရ ၂၀၁၀ ပြည့်နှစ်မှစ၍ ၁၀ ရာခိုင်နှုန်းကျဆင်းခဲ့သော်လည်း ကမ္ဘာပေါ်တွင် တစ်ဦးချင်းအရက်သောက်နှုန်းအများဆုံးဒေသဖြစ်နေဆဲဖြစ်သည်။
အရက်နှင့်ဆက်စပ်သော သေဆုံးမှုများအနက် သုံးပုံတစ်ပုံသည် မော်တော်ယာဉ်မတော်တဆမှုနှင့် ကိုယ့်ကိုယ်ကိုယ်ဒဏ်ရာရရှိစေမှုများအပါအဝင် ဒဏ်ရာရရှိမှုများကြောင့် ဖြစ်သည်။ ငါးဦးလျှင် တစ်ဦးသည်လည်း အစာချေစနစ်ထိခိုက်မှုနှင့် နှလုံးဆိုင်ရာရောဂါများကြောင့်သေဆုံးခဲ့သည်။ ကင်ဆာ၊ ကူးစက်ရောဂါများ၊ စိတ်ကျန်းမာရေးမကောင်းမွန်ခြင်းနှင့် အခြားကျန်းမာရေးအခြေအနေများလည်း သေဆုံးစေသည့် အကြောင်းအရင်းများတွင် ပါဝင်သည်။
ကျန်းမာသော လူ့အဖွဲ့အစည်းပေါ်ထွန်းလာရေးအတွက် အရက်အလွန်အကျွံသောက်သုံးမှုဆိုသည့် ခြိမ်းခြောက်မှုကိုတားဆီးရန် အချိန်ကျပြီဖြစ်ကြောင်း WHO အကြီးအကဲ တဲဒရိုစ် အက်ဓာနွမ် ဂီဘရီယဲဆပ်စ်က ပြောဆိုခဲ့သည်။ အရက်သောက်လေ့သောက်ထရှိသူများသည် တစ်ရက်လျှင် ဝိုင်နှစ်ခွက်၊ ဘီယာပုလင်းကြီးတစ်ပုလင်းနှင့် အရက်နှစ်ခွက်တို့ကို ပုံမှန်သောက်သုံးနေသည်။ ကမ္ဘာတစ်ဝန်း အရက်ပုံမှန်သောက်သုံးသူ ၂ ဒသမ ၃ ဘီလျံရှိနေသည်။ လာမယ့်ဆယ်စုနှစ်အတွင်း အရှေ့တောင်အာရှနှင့် အမေရိကဒေသများတွင် လူတစ်ဦးချင်းအရက်သောက်သုံးမှုနှုန်းမြင့်တက်လာမည်ဟု အစီရင်ခံစာတွင် ခန့်မှန်းထားသည်။

















