လှိုင်သာယာမြို့နယ်တွင် အဘိုးတော်စပ်သူက ၁၀ နှစ်အရွယ် ကလေးငယ်ကို အဓမ္မပြုကျင့်ခဲ့ သည့်အပြင် ဓမ္မတာနှင့်ဆန့်ကျင်သောပြစ်မှုကိုပါ ကျူးလွန်ခဲ့သဖြင့် သက်ဆိုင်ရာက စက်တင်ဘာ ၂၂ ရက်နေ့တွင် အမှုဖွင့် အရေးယူထားသည်။
စက်တင်ဘာ ၂၂ ရက် ည ၈ နာရီခန့်တွင် လှိုင်သာယာမြို့နယ်နေ အမျိုးသမီးကြီးတစ်ဦးက သက်ဆိုင်ရာသို့ သွားရောက်တိုင်ကြားခဲ့သည်။တိုင်ကြားရာ၌ ၎င်း၏မြေးဖြစ်သူ ၃ နှစ်အရွယ်တွင် ကလေး၏ မိဘများအိမ်ထောင်ကွဲစဉ် ခေါ်ယူစောင့်ရှောက်ထားခဲ့ကြောင်း၊ စီးပွားရေးအဆင်မပြေသဖြင့် ၂၀၁၈ ခုနှစ် ဇွန်လတွင် ချွေးမဖြစ်သူ၏ဖခင် ဦးမြင့်စိုး(၅၆ နှစ်)နေအိမ်သို့ ပို့အပ်နေထိုင်စေခဲ့ကြောင်း၊ ထိုသို့ပို့အပ်နေထိုင်စဉ် မြေးဖြစ်သူ အသက် ၁၀ အရွယ်ရောက်ချိန်၌ မြေးဖြစ်သူက ဦးမြင့်စိုးနေအိမ်တွင် မနေထိုင်လိုတော့ကြောင်း ယခုနှစ် စက်တင်ဘာ ၂၁ ရက်တွင် ပြောဆိုခဲ့ကြောင်း၊ ထို့ကြောင့် သွားရောက်ခေါ်ဆောင်ခဲ့ကြောင်း တိုင်ကြားချက်အရ သိရသည်။
ထိုသို့ခေါ်ဆောင်စဉ် မြေးဖြစ်သူ ဝတ်ဆင်ထားသောဘောင်းဘီတွင် အကွက်များတွေ့ရှိရပြီး အနံ့များ ထွက်နေသဖြင့် ပွေး/ဝဲပေါက်သည်ဟုထင်ကာ ဆေးထည့်ပေးရန်အတွက် ကြည့်ရှုရာ မိန်းမကိုယ်တွင် အနာများ၊အဖြူကွက်များတွေ့ရှိသဖြင့် ချော့မော့မေးမြန်းခဲ့ကြောင်း၊ထိုသို့မေးမြန်းရာ အဖိုးဖြစ်သူက ၎င်းနေအိမ်တွင် လူမရှိသည့်အခါများ၌ အဓမ္မပြုကျင့်ခဲ့သည့်အပြင် ဓမ္မတာနှင့်ဆန့်ကျင်ခဲ့သည့် ပြုမူခြင်းမျိုးကိုလည်း အကြိမ်ကြိမ်ကျူးလွန်ခဲ့ကြောင်း၊ မည်သူကိုမျှပြန်မပြောရန် ခြိမ်းခြောက်ခဲ့ကြောင်း ပြောပြသိရသဖြင့် အရေးယူပေးရန်တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လှိုင်သာယာမြို့မရဲစခန်းက(ပ)၃၅၆၅/၁၈ ရာဇသတ်ကြီးဥပဒေပုဒ်မ၃၇၆/၃၇၇ အရ အမှုဖွင့်အရေး ယူထားကြောင်း သိရသည်။
















