ဟာသသရုပ်ဆောင်အောင်ရဲထွေးသေဆုံးခဲ့မှု ပြန်လည်စစ်ဆေးရန် အမိန့်ချ

ဟာသသရုပ်ဆောင်အောင်ရဲထွေးသေဆုံးခဲ့မှု ပြန်လည်စစ်ဆေးရန် အမိန့်ချ

ဟာသသရုပ်ဆောင်အောင်ရဲထွေးသေဆုံးခဲ့မှုနှင့်ပတ်သက်၍ တိုင်းဥပဒေချုပ်ရုံး၏ ရာဇဝတ်ပြင်ဆင်လျှောက်ထားမှုအပေါ်  ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးရုံးခန်းအမှတ် ၆ တရားသူကြီး ဒေါ်သင်းသင်းနွဲ့က မူလခရိုင်တရားရုံး၏အမိန့်ကို ပယ်ဖျက်ပြီး ပြန်လည်စစ်ဆေးရန် ယနေ့ စက်တင်ဘာ၂၄ရက်တွင် အမိန့်ချမှတ်လိုက်သည်။

အဆိုပါအမှုနှင့်ပတ်သက်၍ မူလခရိုင်တရားရုံးသို့ အမှုတွဲ ပြန်လည်ပေးပို့စစ်ဆေးသွားမည်ဖြစ်ပြီး အမှုတွဲရောက်ရှိစစ်ဆေးရန် အချိန် ၂ ပတ်ခန့်ကြာမြင့်မည်ဟု သိရသည်။ မူလအရှေ့ပိုင်းခရိုင်တရားရုံးသို့ အမှုတွဲရောက်ရှိမှသာ အမှုကိုပြန်လည်စစ်ဆေးနိုင်ရန် စွဲချက်မတင်မီ တရားရှင်လွှတ်ထားသည့် သန်းထွဋ်အောင်(ခ)သားကြီးပါ ၃ ဦးကို ပြန်လည်ဖမ်းဆီးစစ်ဆေးရမည်ဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ တစ်ဦးက ပြောသည်။
အောင်ရဲထွေးသေဆုံးခဲ့မှုနှင့်ပတ်သက်၍ အရှေ့ပိုင်းခရိုင်တရားရုံးတွင် တရားစွဲဆိုခံထားရသူ သန်းထွဋ်အောင် (ခ)သားကြီး၊ ကျော်ဇောဟန်(ခ) ကျော်ဇောနှင့် ပြည့်ဖြိုးအောင်(ခ) အောင်လေးတို့ ၃ ဦးကို သက်သေခံချက်အားနည်းခြင်း၊ သေဆုံးသူ၏ မိသားစုဝင်များက အမှုကို ဆောင်ရွက်လိုမှုမရှိတော့ခြင်းတို့ကြောင့် ကျေအေးရုပ်သိမ်းလွှာတင်ခဲ့ရာ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၉၄ -က အရ အမှုမှ စွဲချက်မတင်မီ ဇူလိုင်၂၅ ရက်တွင် အရှေ့ပိုင်းခရိုင်တရားရုံးက တရားစွဲဆိုခံထားရသူတို့ကို ပြန်လွှတ်ပေးခဲ့သည်။ 
စွဲချက်မတင်မီ အမှုမှလွှတ်ပေးခဲ့ခြင်းနှင့်ပတ်သက်၍ တရားစီရင်ရေးလောကတွင်ဝေဖန်မှုများစွာပေါ် ထွက်လာခဲ့ခြင်းကြောင့် နိုင်ငံတော်ကိုယ်စားတိုင်းဥပဒေရုံးက ရာဇဝတ်မှုပြင်ဆင်မှုအမှတ်၂၉၆(ခ) /၁၈ ဖြင့် ဇူလိုင် ၃ဝ ရက်တွင် ရာဇဝတ်ပြင်ဆင်မှုလျှောက်ထားခြင်းကို တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီး (၇) ၏ရုံးက လက်ခံခဲ့သည်။
ထို့နောက် သြဂုတ် ၂၉ ရက်တွင် အမှုနှင့်ပတ်သက်၍ နှစ်ဖက် အကျိုးဆောင်ရှေ့နေများက တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီး (၆)၏ရုံးတွင် လျှောက်လဲချက်ပေးခဲ့ကြသည်။ ထိုသို့လျှောက်လဲချက်ပေးရာတွင် နိုင်ငံတော်ဘက်မှလိုက်ပါဆောင်ရွက်သူ ဥပဒေအရာရှိက အဆိုပါ အမှုမှာ အများပြည်သူစိတ်ဝင်စားသည့်အမှုဖြစ်ပြီး နိုင်ငံတော်တည်ငြိမ်ရေးနှင့် ငြိမ်ဝပ်ပိပြားမှုကို ထိခိုက်နိုင်ကြောင်းနှင့် မှုခင်းဆရာဝန်အပါအဝင် အမှုမှစစ်ဆေးရန်ကျန်ရှိသည့် တရားလိုသက်သေ ၈ ဦး တို့ကို ပြန်လည်စစ်ဆေးပေးရန်လျှောက်ထားခဲ့သည်။ 
အယူခံတရားခံလျှောက်ထားသူ ၃ ဦးဘက်မှ လိုက်ပါဆောင်ရွက်သူ တရားလွှတ်တော်ရှေ့နေ ဦးတင်လှိုင်ပါ ၅ ဦးက တရားလိုပြသက်သေ ၂၂ ဦး စစ်ဆေးပြီးချိန်တွင် အမှုပေါ်ပေါက်မှု အားနည်းနေကြောင်း၊ တိုင်ကြားသူ တရားလိုဘက်မှ အမှုရုပ်သိမ်းပေးရန် လက်မှတ်ထိုးခဲ့ခြင်းကြောင့် ဒီအမှုကို ပလပ်ပေးရန် လျှောက်ထားခဲ့ကြခြင်းဖြစ်သည်။ အဆိုပါအမှုကို တရားလို၏မိသားစုက ဆောင်ရွက်လိုခြင်း မရှိတော့သည်ဟုဆိုကာ စွဲချက်မတင်မီ ရုပ်သိမ်းခြင်း၊ ကျန်ရှိသည့် တရားလိုပြသက်သေ ၈ ဦးတို့ကို စစ်ဆေးခဲ့ခြင်းနှင့် ပြစ်မှုကျူးလွန်သူ ၃ ဦးကို အမှုမှပြန်လွှတ်ပေးခဲ့ခြင်းတို့အပေါ် ကျော်ဇောသတင်းအဖြစ်သတ်မှတ်ကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးခဲ့သည်။

ကော်မရှင်၏ စုံစမ်းပေါ်ပေါက်ချက်များအရ ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံး ရာဇဝတ်ကြီးမှု အမှတ် ၃၄/၂၀၁၈ ကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၉၄(က)အရ ရုပ်သိမ်းခွင့်ပြုသည့်ကိစ္စတွင် တရားလိုပြ သက်သေများကို တမင်ပေါ့လျော့စွာ စစ်ဆေးပြီး တရားခံများ ပြစ်မှုကျူးလွန်ကြောင်း တရားလိုပြသက်သေများက ထွက်ဆိုနိုင်ခြင်းမရှိဆိုသည့် အခြေအနေဖြစ်ပေါ်အောင်ဖန်တီးကာ တရားခံများ၏ မိဘများထံမှ လာဘ်ငွေနှင့် တံစိုးလက်ဆောင်များရယူခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည်ဟု သိရသည်။
ထို့ကြောင့် ရန်ကုန်တိုင်းဒေသကြီးဥပဒေချုပ် ဦးဟန်ထူး၊ ရန်ကုန်တိုင်းဒေသကြီးဥပဒေအရာရှိ ဦးသိန်းဇော်၊ ရန်ကုန် အရှေ့ပိုင်းခရိုင် ဥပဒေအရာရှိ ဦးကိုကိုလေး၊ ဒုတိယခရိုင်ဥပဒေအရာရှိ ဒေါ်သစ်သစ်ခင်၊ ဒုတိယခရိုင် တရားသူကြီး ဦးအောင်ကြည်နှင့် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့၊ ရွှေပေါက္ကံ နယ်မြေစခန်းမှူး (ယခင်သုဝဏ္ဏနယ်မြေစခန်းမှူး) လ ၁၆၆၉၅၄ ရဲအုပ်ချစ်ကိုကို တို့အပေါ်  အဂတိလိုက်စား မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ /၅၆ တို့ အရ အသီးသီး အမှုဖွင့်ကာ စက်တင်ဘာ ၁၃ ရက်တွင် အမှုဖွင့် အရေးယူခဲ့သည်။
 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး