မြန်မာနေရှင်နယ်လိဂ်ချန်ပီယံဆုကို ကစားသမားနှင့် နည်းပြဘဝတွင် ဆွတ်ခူးနိုင်ခဲ့သည့်အတွက် အတိုင်းမသိဝမ်းသာမိပြီး ပြည်ပထိသွားရောက်ကာ နည်းပြအဖြစ် အသက်မွေးဝမ်းကြောင်း ပြုလိုသည်ဟု ရန်ကုန်ယူနိုက်တက်နည်းပြချုပ် ဦးမျိုးမင်းထွန်းက ပြောဆိုခဲ့သည်။
ဖြတ်သန်းခဲ့
ဦးမျိုးမင်းထွန်းသည် နေရှင်နယ်လိဂ်ပြိုင်ပွဲစတင်ကျင်းပသည့် ၂၀ဝ၉ခုနှစ်မှစ၍ ရန်ကုန်ယူနိုက်တက်တွင် ကစားသမားအဖြစ်ဖြတ်သန်းခဲ့ပြီး အသင်းနှင့်အတူ နေရှင်နယ်လိဂ်ချန်ပီယံဆုကို သုံးကြိမ်ဆက်ရရှိခဲ့သည်။ထို့နောက် ၂၀၁၃ဘောလုံးရာသီအပြီးတွင် ကစားသမားဘဝမှအနားယူကာ ၂၀၁၄ခုနှစ်တွင် လက်ထောက်နည်းပြအဖြစ် ရန်ကုန်ယူနိုက်တက်၌ စတင်တာဝန်ထမ်းဆောင်ခဲ့သည်။
ရည်မှန်းထား
" အမှတ်ပေးချန်ပီယံဖလားက လွယ်ကူတဲ့ ဖလားတစ်ခုတော့မဟုတ်ပါဘူး။ ခုလိုရရှိတဲ့အတွက် ပြောမပြတတ်အောင် ဝမ်းသာပါတယ်။ ကစားသမားဘဝရော၊ နည်းပြဘဝမှာပါ ရရှိခဲ့တဲ့အတွက် ပိုပြီးဝမ်းသာပါတယ်။ပြည်တွင်းမှာအောင်မြင်နေရုံနဲ့ ကျွန်တော်ကျေနပ်နေမှာ မဟုတ်ပါဘူး။ ပြည်ပထိထွက်ပြီး အောင်မြင်အောင်လုပ်ဖို့ ရည်မှန်းထားပါတယ်" ဟု ဦးမျိုးမင်းထွန်းက ဖွင့်ဟခဲ့သည်။
မှတ်တမ်းဝင်
ရန်ကုန်ယူနိုက်တက်အသင်းသည် နေရှင်နယ်လိဂ်ချန်ပီယံဆုကို ၂၀၁၁၊၂၀၁၂၊၂၀၁၃၊ ၂၀၁၅နှင့် ယခု၂၀၁၈ခုနှစ်အပါအဝင် ငါးကြိမ်မြောက်ဆွတ်ခူးနိုင်ခဲ့ပြီး အအောင်မြင်ဆုံးအသင်းအဖြစ် ရပ်တည်နိုင်ခဲ့သည်။ ရန်ကုန်ယူနိုက်တက်အသင်းသည် ဗိုလ်ချုပ်အောင်ဆန်းဒိုင်းပြိုင်ပွဲတွင်လည်း ဆီမီးဖိုင်နယ်သို့ရောက်ရှိနေပြီး ဖလားနှစ်လုံးလမ်းကြောင်းပေါ်တွင် ရပ်တည်လျက်ရှိသည်။















