၂၀၁၈အမ်ပီတီမြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲအပြီးတွင် ဂိုးသွင်းအများဆုံး ကစားသမားဆုကို ဟံသာဝတီ ယူနိုက်တက်အသင်း တိုက်စစ်မှူး ဂျိုးဇက်က သွင်းဂိုး ၁၈ ဂိုးဖြင့် ရရှိခဲ့သည်။
ဦးဆောင်ခဲ့
မြန်မာနေရှင်နယ်လိဂ်နောက်ဆုံးပွဲစဉ်မတိုင်မီ ဂိုးသွင်းအများဆုံးထိပ်ဆုံးနေရာကို ရန်ကုန်အသင်းတိုက်စစ်မှူး ဆီလာက သွင်းဂိုး ၁၇ ဂိုးဖြင့် ဦးဆောင်ထားခဲ့သော်လည်း နောက်ဆုံးအပတ် ပွဲစဉ်များအပြီးတွင် ဆီလာမှာ ဂိုးထပ်မံ သွင်းယူနိုင်ခဲ့ခြင်းမရှိဘဲ ဟံသာဝတီယူနိုက်တက် တိုက်စစ်မှူး ဂျိုးဇက်က ဧရာဝတီယူနိုက်တက်အသင်းနှင့်ပွဲတွင် သွင်းဂိုး သုံးဂိုး သွင်းယူနိုင်ခဲ့၍ သွင်းဂိုး ၁၈ဂိုးဖြင့် ဆီလာအား ကျော်ဖြတ်ကာ သွင်းဂိုးအများဆုံး ကစားသမားဖြစ်ခဲ့ခြင်းဖြစ်သည်။ ဂျိုးဇက်နှင့် ဆီလာ၏နောက်တွင် ဧရာဝတီတိုက်စစ်မှူး ပက်ထရစ်က သွင်းဂိုး ၁၆ဂိုးဖြင့် တတိယနေရာတွင် ရပ်တည်ခဲ့သည်။
ပြောင်းရွှေ့လာခဲ့
တိုက်စစ်မှူး ဂျိုးဇက်သည် အသင်းဖျက်သိမ်းခဲ့သည့် စီးတီးရန်ကုန်အသင်းမှ ဟံသာဝတီအသင်းသို့ ယခုနှစ်တွင်ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ၂၀၁၇ မြန်မာနေရှင်နယ်လိဂ်-၂ အမှတ်ပေးပြိုင်ပွဲတွင်လည်း သွင်းဂိုး ၃၀ ဂိုးဖြင့် ဂိုးသွင်းအများဆုံး ကစားသမားဆု ရရှိထားသူတစ်ဦးဖြစ်သည်။
တစ်ဦးသာပါဝင်
ဂိုးသွင်းအများဆုံးထိပ်ဆုံးငါးနေရာတွင် မြန်မာကစားသမားတစ်ဦးသာပါဝင်ခဲ့ပြီး ပထမနေရာတွင် ဟံသာဝတီတိုက်စစ်မှူး ဂျိုးဇက်က ၁၈ ဂိုးဖြင့်လည်းကောင်း၊ ဒုတိယနေရာတွင် ရန်ကုန်ယူနိုက်တက်တိုက်စစ်မှူး ဆီလာက သွင်းဂိုး ၁၇ ဂိုးဖြင့်လည်းကောင်း၊ တတိယနေရာတွင် ဧရာဝတီယူနိုက်တက် တိုက်စစ်မှူး ပက်ထရစ်က သွင်းဂိုး ၁၆ ဂိုးဖြင့်လည်းကောင်း၊ စတုထ္ထနေရာတွင် ရခိုင်ယူနိုက်တက်တိုက်စစ်မှူး ဆန်းဒေးက သွင်းဂိုး ၁၄ ဂိုးဖြင့်လည်းကောင်း၊ ပဉ္စမနေရာတွင် ရတနာပုံအသင်း တိုက်စစ်မှူး ဝင်းနိုင်စိုးက သွင်းဂိုး ၁၁ ဂိုးဖြင့်လည်းကောင်း ရပ်တည်ခဲ့သည်။















