မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ၏ ဇူလိုင်လအတွက် တစ်လတာ အကောင်းဆုံး ဆုများကို ဧရာဝတီယူနိုက်တက်တိုက်စစ်မှူးသီဟဇော်နှင့် ဟံသာဝတီယူနိုက်တက်အသင်း နည်းပြချုပ် ဦးငွေထွန်းတို့က ရယူခဲ့သည်။
ခြေစွမ်းပြ
ဧရာဝတီယူနိုက်တက်အသင်းသည် ဇူလိုင်လအတွင်း ယှဉ်ပြိုင်ကစားခဲ့သည့် ပွဲစဉ် ၄ ပွဲတွင် နှစ်ပွဲနိုင်၊ တစ်ပွဲသရေ၊ တစ်ပွဲရှုံး ရလဒ်ရရှိခဲ့ပြီး အဆိုပါ ပွဲစဉ်များတွင် တိုက်စစ်မှူး သီဟဇော်သည် အသင်းအတွက် အထူးခြေစွမ်းပြ ကစားနိုင်ခဲ့သောကြောင့် ယခုကဲ့သို့ အကောင်းဆုံးဆု ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ ဟံသာဝတီယူနိုက်တက်နည်းပြချုပ် ဦးငွေထွန်းမှာလည်း ဇူလိုင်လအတွင်း ယှဉ်ပြိုင်ကစားခဲ့သည့်ပွဲများတွင် အသင်းကို နိုင်ပွဲသုံးပွဲထိ ရယူပေးနိုင်ခဲ့ပြီး တစ်ပွဲသာ ရှုံးနိမ့်ခဲ့သောကြောင့် ယခုကဲ့သို့ အကောင်းဆုံး နည်းပြဆုကို ရယူနိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ပေးအပ်ခဲ့
တစ်လတာ အကောင်းဆုံးများကို စက်တင်ဘာ ၂၃ရက်က ယှဉ်ပြိုင်ခဲ့သည့် ဟံသာဝတီယူနိုက်တက်နှင့် ဧရာဝတီယူနိုက်တက်တို့အသင်းတို့၏ ပွဲစဉ်မစတင်မီ ပေးအပ်ခဲ့ပြီး ဇူလိုင်လအတွက် အကောင်းဆုံးကစားသမားဆုရခဲ့သည့် တိုက်စစ်မှူး သီဟဇော်ကို ဆုတံဆိပ်နှင့် ဆုကြေးငွေ တစ်သိန်းခွဲ၊ အကောင်းဆုံးနည်းပြဆုရခဲ့သည့် နည်းပြချုပ် ဦးငွေထွန်းကို ဆုတံဆိပ်နှင့် ဆုကြေးငွေ ကျပ်တစ်သိန်းတို့ကို တာဝန်ရှိသူများက ပေးအပ်ခဲ့သည်။
















