ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က လှိုင်သာယာမြို့နယ်အတွင်း လင်းယုန်စီမံချက် အဆင့်(၃)ကို ဆောင်ရွက်နေပြီး နယ်မြေခံရဲတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ရပ်မိရပ်ဖများပါဝင်သော ပူးပေါင်းအဖွဲ့များဖြင့် နေ့ညမပြတ် ယာဉ်စစ်ပိတ်ဆို့မှုနှင့် နယ်မြေအတွင်း ကင်းလှည့်ခြင်းလုပ်ငန်းများ လုပ်ဆောင်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်စိုးမိုးက စက်တင်ဘာ ၂၄ ရက်၌ ပြောသည်။
လှိုင်သာယာမြို့နယ်အတွင်း ခိုးမှု၊ လုယက်မှုနှင့် ဖောက်ထွင်းမှုများ ယခုထက်ပိုမိုလျော့နည်းကျဆင်းအောင် သက်ဆိုင်ရာ ဌာနများက ထိရောက်သော အစီအစဉ်များဖြင့် ချမှတ်ဆောင်ရွက်ခြင်း ရှိ၊မရှိကို သိရှိလိုပါကြောင်း လှိုင်သာယာမြို့နယ် ၊ မဲဆန္ဒနယ် အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမောင် (ခ) ဦးဦးဝင်းမောင်က စက်တင်ဘာ ၂၄ ရက်တွင် ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် မေးမြန်းမှုကို ဝန်ကြီးက အထက်ပါအတိုင်းဖြေဆိုခဲ့သည်။
“လှိုင်သာယာမြို့နယ်မှာ ဖြစ်ပွားနေတဲ့ ခိုးမှု၊ လုယက်မှု၊ ဖောက်ထွင်းမှုတွေကို ပိုမိုကျဆင်းအောင် နယ်မြေအတွင်းမှာ ကင်းလှည့်ခြင်းများ ဆောင်ရွက်နေပါတယ် ။ ဒါ့အပြင် တရားဥပဒေစိုးမိုး ရေးလုပ်ငန်းများကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ဖို့အတွက်ရန်ကုန်တိုင်းရဲတပ်ဖွဲ့ကြီးအနေနဲ့ လှိုင်သာယာမြို့နယ်မှာ အင်အားအပြည့်နဲ့ တာဝန်ချထားဆောင်ရွက်နိုင်ရေးကို စီမံဆောင်ရွက်နေပါတယ်" ဟု ၎င်းက ပြောသည်။
လှိုင်သာယာမြို့နယ်သည် ရပ်ကွက်ပေါင်း (၂၀)၊ ကျေးရွာပေါင်း (၉၀ဝ)ရှိပြီး စက်ရုံ၊ အလုပ်ရုံများ တည်ရှိသောကြောင့် အလုပ်လုပ်ကိုင်သူဦးရေများပြားသော မြို့နယ်တစ်ခုဖြစ်ကြောင်း သိရသည်။

















