မင်္ဂလာဒုံမြို့နယ် အောင်မင်္ဂလာကားဝင်းအတွင်း လားရှိုးမှရန်ကုန်သို့ လူမဲ့တန်ဆာဖြင့်ပေးပို့သည့် ခရီးဆောင်အိတ်အတွင်းမှ စိတ်ကြွဆေးပြား ၂၀ဝ၀ဝ ကို သက်ဆိုင်ရာက စက်တင်ဘာ ၂၃ ရက်နေ့တွင် သတင်းအရ ဖမ်းဆီးရမိခဲ့သည်။
အဆိုပါနေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် အောင်မင်္ဂလာအဝေးပြေးကားဝင်း ရတနာယာဉ်လိုင်းဂိတ် (လားရှိုး-ရန်ကုန်)တွင် မူးယစ်ဆေးဝါးသတင်းအရ မူးယစ်တပ်ဖွဲ့စု (၄၀)နှင့် မူးယစ်တပ်ဖွဲ့စု (၂၄)တို့မှ ပူးပေါင်းတပ်ဖွဲ့ဝင်များက စောင့်ဆိုင်းနေစဉ် ယာဉ်အမှတ် (AYY) DD/---- နံပါတ်ပါ NISSAN TIIDA အမျိုးအစား အငှားယာဉ်ဖြင့် ဇေရဲထွန်း (ခ)စစ်သွေး (လူကြမ်းသရုပ်ဆောင်) ၃၈ နှစ်နှင့် ခင်မောင်ဝင်း ၄၅ နှစ်တို့ ၂ ဦးရောက်ရှိလာပြီး လူမဲ့တန်ဆာ VERAGE စာတန်းပါ ခရီးဆောင်အိတ်ကို ရွေးယူခဲ့သည်။ ၄င်းတို့ရွေးယူလာသည့်အိတ်အတွင်းမှ WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၂၀ဝ ပြားစီပါ ၁၀ ထုပ်စီးတောင့် ၁၀ တောင့်၊ စုစုပေါင်း ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၂၀ဝ၀ဝ ပြားနှင့် ၄င်းတို့ စီးနင်းလာသော မော်တော်ယာဉ်အမှတ် (AYY) DD/---- မော်တော်ယာဉ် ၁ စီး၊ လက်ကိုင်ဖုန်း ၂ လုံးတို့ကို ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။
ပူးပေါင်းအဖွဲ့က ၄င်းတို့ငှားရမ်းနေထိုင်သည့် နေအိမ်သို့ဝင်ရောက်ရှာဖွေရာ WY စာတန်းပါ ပန်းရောင် စိတ်ကြွဆေးပြား ၈၃ ပြားပါ ၁ ထုပ်ကို ထပ်မံသိမ်းဆည်းခဲ့ပြီး မင်္ဂလာဒုံမြို့မရဲစခန်းက မယ(ပ)၅၁/၁၈၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉(က)/၂၁ အရ အမှုဖွင့် အရေးယူထားသည်။

















