အီရန်၏ ရေနံကြွယ်ဝဒေသ အနောက်တောင်ပိုင်း၊ နာဗက်ဖ်မြို့တွင် စစ်ရေးပြပွဲတစ်ခုပြုလုပ်စဉ် တိုက်ခိုက်ခံရမှုကို အမေရိကန်အား အီရန်သမ္မတက အပြစ်ဖို့လိုက်ပြီးနောက် သေဆုံးသူများအတွက် ပြုလုပ်သည့်အသုဘအခမ်းအနားတွင် တော်လှန်ရေးအစောင့်တပ် ယာယီတပ်မှူးကလည်း တိုက်ခိုက်မှု၏ သုံးပွင့်ဆိုင်တရားခံများဖြစ်သူ ဆော်ဒီအာရေဗျ၊ အစ္စရေးနှင့် အမေရိကန်တို့ကို လက်စားချေမည်ဟု ကတိပြုလိုက်သည်။
စက်တင်ဘာ ၂၄ ရက် ဆာရာလာဗလီတွင် ပြုလုပ်သည့်အခမ်းအနားသို့ ပရိသတ်ထောင်ချီတက်ရောက်ခဲ့စဉ် ဗိုလ်ချုပ်ကြီး ဟိုစိန် ဆလာမီက ယင်းသို့ပြောဆိုခဲ့ခြင်းဖြစ်သည်။
ယခုအပတ်အတွင်း ကုလသမဂ္ဂအထွေထွေညီလာခံတက်ရန် နယူးယောက်သို့လာရောက်ရန် ရှိနေသည့် ရိုဟာနီက ယနေ့ အမေရိကန်သည် ကမ္ဘာပေါ်တွင် အနိုင်ကျင့်မှုများ ပိုမိုကျူးလွန်နေပြီး တစ်ဘက်သတ်မူဝါဒများကို ဆက်လက် ကျင့်သုံးနေကြောင်းလည်း ပြောဆိုခဲ့သည်။
စက်တင်ဘာ ၂၂ ရက် အာဗက်ဇ်စစ်ရေးပြပွဲတိုက်ခိုက်မှုတွင် ၂၅ ဦး သေဆုံးခဲ့ပြီး ၆၀ ခန့် ဒဏ်ရာရရှိခဲ့ရာ ဆယ်စုနှစ်တစ်ခုနီးပါးအတွင်း အီရန်နိုင်ငံအတွင်း အသေအပျောက်အများဆုံး အကြမ်းဖက်တိုက်ခိုက်မှုဖြစ်သည်။ အာရပ်ခွဲထွက်ရေးသမားများနှင့် အိုင်အက်စ်တို့က ၄င်းတို့လက်ချက်ဟု ကြေညာခဲ့သော်လည်း သမ္မတရိုဟာနီကမူ အမေရိကန်ထောက်ခံသည့် ဒေသဆိုင်ရာနိုင်ငံများကို စွပ်စွဲခဲ့သည်။.

















