ထရမ့် ခန့်အပ်လိုသူ တရားသူကြီးလောင်းက လိင်မှုစော်ကားခဲ့ဟု စွပ်စွဲသူ ဒုတိယမြောက်အမျိုးသမီးတစ်ဦး ထပ်မံပေါ်ထွက်

ထရမ့် ခန့်အပ်လိုသူ တရားသူကြီးလောင်းက လိင်မှုစော်ကားခဲ့ဟု စွပ်စွဲသူ ဒုတိယမြောက်အမျိုးသမီးတစ်ဦး ထပ်မံပေါ်ထွက်

အမေရိကန်ဆီးနိတ်လွှတ်တော် တရားရေးကော်မတီသည် သမ္မတထရမ့်က တရားရုံးချုပ်တရားသူကြီးအဖြစ် အမည်စာရင်းတင်သွင်းထားသည့် ဘရက်ကာဗာနော့နှင့် ၄င်းက လိင်မှုစော်ကားခဲ့ကြောင်း စွပ်စွဲထားသည့် ပါမောက္ခ ခရစ္စတန်းဖို့ဒ်တို့၏ ထွက်ဆိုချက်များကို ကြားနာရန်စီစဉ်နေစဉ် ကာဗာနော့၏ နှောင့်ယှက်မှုခံခဲ့ရကြောင်း စွပ်စွဲသူ နောက်ထပ်အမျိုးသမီးတစ်ဦး ထွက်ပေါ်လာခဲ့သည်။

အသက် ၅၃ နှစ်ရှိ ဒီဘိုရာ ရာမီရက်ဇ်က ၄င်းဆယ်ကျော်သက်အရွယ် ၁၉၈၃-၈၄ ခုနှစ်များ၌ ယေးတက္ကသိုလ် ပထမနှစ်ကျောင်းသား ကာဗာနော့သည် ၄င်းနှင့်ချိန်းတွေ့စဉ် ၄င်းအပေါ် လိင်မှုမတော်တရော်ပြုလုပ်ခဲ့ကြောင်း စွပ်စွဲချက်ကို နယူးယော့ကာမဂ္ဂဇင်းက စက်တင်ဘာ ၂၃ ရက်တွင် ဖော်ပြလိုက်ခြင်းဖြစ်သည်။
    ယင်းစွပ်စွဲချက်အပေါ် အိမ်ဖြူတော်နှင့် ကာဗာနော့က ငြင်းဆိုခဲ့သည်။ ယင်းကဲ့သို့မဖြစ်ခဲ့ပါဟု ကာဗာနော့က ပြောကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ခဲ့သည်။ ရီပတ်ဘလီကန်ကြီးစိုးသည့် တရားရေးကော်မတီမှ ဒီမိုကရက် အမတ် ဒီယာနီဖိန်းစတိန်းက ကာဗာနော့အား အမည်စာရင်းတင်သွင်းမှုအတည်ပြုရေး မည်သည့်လှုပ်ရှားမှုကိုမဆို အမြန်ဆုံး ရွှေ့ဆိုင်းရန် တောင်းဆိုခဲ့သည်။ မစ္စဖို့ဒ်နှင့် ရာမီးရက်ဇ်တို့၏ စွပ်စွဲမှုများအား အက်ဖ်ဘီအိုင်မှ စုံစမ်းစစ်ဆေးစေလိုကြောင်းလည်း တရားရေးကော်မတီဥက္ကဌ ချပ်ဂရက်စလေကိုက တောင်းဆိုခဲ့သည်။
    ရာသက်ပန်ထမ်းဆောင်ခွင့်ရှိသည့် တရားရုံးချုပ် တရားသူကြီးရာထူးလစ်လပ်နေရာအတွက် ရှေးရိုးစွဲဝါဒီ ကာဗာနော့ကို သမ္မတထရမ့်ကအဆိုပြုထားပြီး ဆီးနိတ်တရားကော်မတီနှင့် ဆီးနိတ်လွှတ်တော်တစ်ရပ်လုံးက အတည်ပြုရန် လိုအပ်သည်။ ယင်းသို့အတည်ပြုရန် ကော်မတီကကြားနေစဉ်အတွင်း ကာဗာနော့သည် လူငယ်ဘဝက ၄င်းတို့အပေါ် လိင်မှု မတော်တရော်ပြုလုပ်ခဲ့ကြောင်း အမျိုးသမီးနှစ်ဦး၏ စွပ်စွဲချက်များ ဆက်တိုက်ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။
    ပထမစွပ်စွဲသူ မစ္စဖို့ဒ်နှင့်ပတ်သက်၍ ကော်မတီသည် တစ်ဖက်သတ်အနိုင်ကျင့်ရန် အားထုတ်ပုံရကြောင်း ဝေဖန်မှုများ ပေါ်ထွက်လာပြီး မစ္စဖို့ဒ်ကိုယ်တိုင် လူသိရှင်ကြားသက်သေထွက်ပေးရန် အချိန်တိုးပေးရခိုက် ဒုတိယမြောက် စွပ်စွဲသူ ထပ်မံပေါ်ထွက်လာခြင်းဖြစ်ကြောင်း သိရသည်။