တရုတ်အပေါ် အမေရိကန်၏ အကြီးမားဆုံး အခွန်တိုးကောက်မှု စတင်သက်ရောက်

တရုတ်အပေါ် အမေရိကန်၏ အကြီးမားဆုံး အခွန်တိုးကောက်မှု စတင်သက်ရောက်

တရုတ်ကုန်စည်များအပေါ် အမေရိကန်၏အကြီးကျယ်ဆုံး အခွန်တိုးမြှင့်ကောက်ခံမှုသည် စက်တင်ဘာ ၂၄ ရက် ပေကျင်းစံတော်ချိန် နေ့လယ် ၁၂ နာရီ ၁ မိနစ်မှ စတင်သက်ရောက်ခဲ့ပြီဖြစ်သည်။

တရုတ်ကုန်စည် ဒေါ်လာ ဘီလျံ ၂၀ဝ ဖိုးမျှကို အခွန်တိုးကောက်ခြင်းအတွက် အမေရိကန်ကုန်စည် ဘီလျံ ၆၀ ဖိုးအပေါ် လက်တုံ့ပြန်၍  အပိုသွင်းကုန်ခွန်များ ကောက်ခံသွားမည်ဖြစ်ကြောင်း တရုတ်ကလည်း ကတိပြုထားခဲ့သည်။
    တရုတ်၏ မမျှတသည့်ကုန်သွယ်ရေးအလေ့အထကို တုံ့ပြန်မှုဟုဆိုကာ ဇူလိုင်လမှစ၍ ယခုအထိ တရုတ်သွင်းကုန်များအပေါ် အမေရိကန်က အခွန်တိုးမြှင့်ကောက်ခံခဲ့သည်မှာ စုစုပေါင်း ကုန်စည်တန်ဖိုး ဒေါ်လာဘီလျံ ၂၅၀ ရှိသွားပြီဖြစ်သည်။ ယင်းကြောင့် အမေရိကန်သို့တင်ပို့သမျှ တရုတ်ကုန်စည်ထက်ဝက်ခန့် အခွန်တိုးပေးရတော့မည် ဖြစ်သည်။
    ယခုနောက်ဆုံးအခွန်တိုးကောက်မှုသည် လက်ကိုင်အိတ်၊ ဆန်နှင့် အထည်အလိပ်ကဲ့သို့ကုန်စည်များအပေါ် သက်ရောက်သော်လည်း စမတ်နာရီကဲ့သို့ကုန်စည်များကိုမူ လွတ်ငြိမ်းခွင့်ပေးထားသည်။ အကယ်၍ နှစ်နိုင်ငံသဘောတူညီမှု မရပါက ၂၀၁၉ မှစ၍ အခွန် ၂၅ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမည်ဟု သမ္မတဒေါ်နယ်ထရမ့်က ဆိုသည်။
    ထရမ့်သည် နောက်ထပ်တရုတ်ကုန်စည် ဒေါ်လာ ၂၆၇ ဘီလျံဖိုးကိုလည်း အခွန်တိုးကောက်ရန် အသင့်ရှိကြောင်း ပြောဆိုထားရာ ယင်းသည် တရုတ်မှအမေရိကန်သို့ပို့ကုန် အားလုံးလိုလိုကို အခွန်တိုးမြှင့်ကောက်ခံမည့်သဘော ဖြစ်သည်။
    တရုတ်ကမူ အမေရိကန်လုပ် လေယာဉ်ငယ်များ၊ ကွန်ပျူတာနှင့် အထည်အလိပ်များအပေါ် နောက်တိုးခွန် ၅ ရာခိုင်နှုန်းသာ ကောက်ခံထားပြီး ဓာတုပစ္စည်းများ၊ အသား၊ ဂျုံနှင့် ဝိုင်အရက်များအပေါ်မူ ၁၀ ရာခိုင်နှုန်း တိုးမြှင့် ကောက်ခံသည်။ တရုတ်၏တုံ့ပြန်မှုသည် သမ္မတထရမ့်၏ နိုင်ငံရေးအခြေခံဖြစ်သည့် အမေရိကန်လယ်သမားများကို ပစ်မှတ်ထား၍ ယင်းလယ်သမားများအခက်တွေ့လာစေရန် ရည်ရွယ်ကြောင်း သုံးသပ်ကြသည်။