မော်လဒိုက်ရွေးကောက်ပွဲရလဒ် ရှေ့ပြေးစာရင်းအရ အတိုက်အခံများ အနိုင်ရနေပြီး အောင်ပွဲခံနေကြ

မော်လဒိုက်ရွေးကောက်ပွဲရလဒ် ရှေ့ပြေးစာရင်းအရ အတိုက်အခံများ အနိုင်ရနေပြီး အောင်ပွဲခံနေကြ

မော်လဒိုက်နိုင်ငံတွင် စက်တင်ဘာ ၂၃ ရက်က ကျင်းပခဲ့သည့်ရွေးကောက်ပွဲကို မဲရေတွက်မှု ရှေ့ပြေးစာရင်းများအရ အတိုက်အခံခေါင်းဆောင် အီဘရာဟင် မိုဟာမက်ဆိုလစ် မမျှော်လင့်ဘဲ အနိုင်ရနေပြီး ၄င်းတို့ကိုထောက်ခံသူများနှင့်အတူ အောင်ပွဲခံခဲ့သည်။

ဆိုလစ်သည် မဲတစ်သိန်းသုံးသောင်းကျော် ရရှိခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် ၅၈ ဒသမ ၃ ရာခိုင်နှုန်းရရှိခဲ့ကာ လက်ရှိ သမ္မတ အဗ္ဗဒူလာယာမင်းန်သည် မဲကိုးသောင်းခြောက်ထောင်ကျော်သာ ရရှိထားကြောင်း ရွေးကောက်ပွဲကော်မရှင် စာရင်းအရ သိရသည်။ 
နောက်ဆုံး တရားဝင်ရလဒ်ကို တစ်ပတ်အတွင်း ထုတ်ပြန်သွားမည်ဖြစ်ပြီး မကျေနပ်သည့် ပါတီများ တရားရုံးသို့လျှောက်ထားနိုင်ကြောင်း ကော်မရှင်ပြောခွင့်ရပုဂ္ဂိုလ် အာမက်အက်ခရမ်က ပြောဆိုသည်။
    သမ္မတယာမင်းန်က အရေးနိမ့်ကြောင်းဝန်ခံခြင်းမရှိသေးဘဲ ၄င်း၏နိုင်ငံခြားရေးဝန်ကြီးဌာနကမူ ဆိုလစ် အနိုင်ရကြောင်း၊ မဲရေတွက်မှုလုပ်ငန်းစဉ် ချောမွေ့ကြောင်း ထုတ်ပြန်ခဲ့သည်။ အတိုက်အခံပါတီဝင်များသည် မဲရေတွက်မှုကို ယာမင်းန်ကုလားဖန်ထိုးမည်ကို စိုးရိမ်နေကြသည်။ ၂၀၁၃ ခုနှစ်မှစ၍ ယာမင်းန်သည် နိုင်ငံရေးသဘောကွဲလွဲသူများ၊ ပြိုင်ဘက်များနှင့် တရားသူကြီးများကို နှိပ်ကွပ်ခဲ့ခြင်းကြောင့် ယခုရွေးကောက်ပွဲကို ပြည်တွင်းပြည်ပက စိုးရိမ်တကြီး စောင့်ကြည့်ခဲ့ကြသည်။
    အသက် ၅၆ နှစ်ရှိ ဆိုလစ်သည် ပါလီမန်လူများစုခေါင်းဆောင်အမတ်ဟောင်းတစ်ဦးဖြစ်ကာ ဒီမိုကရေစီလှုပ်ရှားသူ တစ်ဦးလည်းဖြစ်လာပြီး မော်လဒိုက်ဒီမိုကရက်တစ်ပါတီ၏ ကိုယ်စားလှယ်သမ္မတလောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ 
ယင်းပါတီ၏ခေါင်းဆောင်နှင့် သမ္မတဟောင်း မိုဟာမက်နာရှက်ဒ်မှာ သီရိလင်္ကာတွင် ထွက်ပြေးပုန်းရှောင်နေရသည်။
    မော်လဒိုက်တရားရုံးချုပ်သည် ဖေဖော်ဝါရီလက မိုဟာမက်နာရှက်ဒ် အပါအဝင် အတိုက်အခံ ပုဂ္ဂိုလ်ကိုးဦးတို့အား  အစိုးရ၏ ပြစ်ဒဏ်စီရင်မှုကို ပယ်ချခဲ့ရာတွင် သမ္မတ ယာမင်းန်က တရားသူကြီးနှစ်ဦးကို ဖမ်းချုပ်ရန် အမိန့်ပေးလျက် နိုင်ငံတော်အရေးပေါ်အခြေအနေ ကြေညာခဲ့သည်။ ယင်းနောက် တရားရုံးချုပ်သည် မူလစီရင်ချက်ကို ပြန်ပြောင်းခဲ့ရာ ပြည်တွင်းပြည်ပမှ ပြင်းထန်စွာပြစ်တင်ဝေဖန်ခဲ့ကြသည်။