ဂျာမနီ အခြေစိုက် ကားလုပ်ငန်း ပေါ်ရှေးသည် ဒီဇယ်ကားများ ထုတ်လုပ်မှု ရပ်ဆိုင်းကာ ဓာတ်ဆီ၊ လျှပ်စစ်နှင့် ဟိုက်ဘရစ်ကားများသာ အာရုံစိုက် ထုတ်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဒီဇယ် အင်ဂျင်များမှ ပတ်ဝန်းကျင်ညစ်ညမ်းစေသည့် မီးခိုးများ ထွက်ရှိမှုကို လိမ်လည်ပြသခဲ့မိကြောင်း ပေါ်ရှေး၏ မိခင်ကုမ္ပဏီ ဖို့စ်ဘာဂန် ဝန်ခံခဲ့ရသည့် ဂယက်အဖြစ်လည်း မြင်နိုင်သည်။ အချို့သော ဂျာမနီမြို့များတွင် သဘာဝပတ်ဝန်းကျင် သန့်ရှင်းရေးအတွက် သက်တမ်းရင့် ဒီဇယ်ကားများကို ပိတ်ပင်နေပြီဖြစ်သည်။ ကုမ္ပဏီအနေဖြင့် ဒီဇယ်အင်ဂျင်များကို အပြစ်ပုံချနေခြင်းမူကား မဟုတ်ကြောင်း ပေါ်ရှေး အမှုဆောင်အရာရှိချုပ်က အိုလီဗာ ဘလွမ်းက ပြောသည်။
"ပြိုင်ကား ကုမ္ပဏီဖြစ်တဲ့ ပေါ်ရှေးအတွက် ဒီဇယ်အင်ဂျင်ဆိုတာ အရင်ကတည်းက ဒုတိယနေရာမှာပဲ ရှိခဲ့တာပါ။ ဓာတ်ဆီကသာ ပိုသင့်တော်တဲ့အတွက် ဒီဇယ်ကင်းစင်တဲ့ အနာဂတ်လမ်းကြောင်း လျှောက်လှမ်းဖို့ ရွေးချယ်ခဲ့တာပဲ ဖြစ်ပါတယ်" ဟု မစ္စတာ ဘလွမ်းက ဆက်လက်ပြောကြားသည်။
ပေါ်ရှေး ဒီဇယ်ကား ဝယ်ထားသည့် ဖောက်သည်များကိုမူ နောက်ဆက်တွဲ ဝန်ဆောင်မှုများ ဆက်လက်ပေးအပ်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ ပေါ်ရှေးသည် ကိုယ်ပိုင် ဒီဇယ်အင်ဂျင် ထုတ်လုပ်ခြင်းမရှိဘဲ အော်ဒီ ကားကုမ္ပဏီ၏ ဒီဇယ်အင်ဂျင်များကို အသုံးပြုလျက်ရှိသည်။
ပေါ်ရှေး၏ မိခင်ကုမ္ပဏီ ဖို့စ်ဘာဂန်သည် ၂၀ဝ၇ မှ ၂၀၁၅ ခုနှစ်အတွင်း ရောင်းချခဲ့သည့် ကားစီးရေ ၁၀ သန်းကျော်တွင် မီးခိုးထွက်နှုန်း လိမ်လည်ပြသသည့် ဆော့ဖ်ဝဲများ ထည့်သွင်းခဲ့ကြောင်း ဂျာမနီ တရားရုံးကလည်း ယခုနှစ်ဆန်းပိုင်းတွင် ဒဏ်ငွေ ယူရို ၁ ဘီလျံ ရိုက်ခဲ့သည်။ အမေရိကန်တွင်လည်း ဒဏ်ငွေဆောင်ရန်နှင့် ကားများ ပြန်ပြင်ဆင်ပေးရန်၊ သိမ်းယူရန် ဒေါ်လာ ၃၀ ဘီလျံကို ဖို့စ်ဘာဂန်သည် သီးခြားဖယ်ထားကြောင်းလည်း သိရသည်။

















