အလုပ်သင်လူငယ်များအား လစာမပေးဘဲ ခန့်ထားနေမှုများကို ရပ်ဆိုင်းကာ လစာနှင့် အခြားခံစားခွင့်များ ပေးအပ်မည်ဖြစ်သလို ဖွံ့ဖြိုးဆဲနိုင်ငံများမှ လူငယ်များကို အလုပ်သင်အဖြစ် ယခုထက် ပိုမိုခန့်ထားရန်လည်း စီစဉ်မည်ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) က ကတိပြု ပြောကြားလိုက်သည်။
WHO ၏ အများပြည်သူ ကျန်းမာရေးနှင့် ကမ္ဘာလုံးချီ ရောဂါဘယ တိုက်ဖျက်ရေးလုပ်ငန်းများတွင် နှစ်စဉ် အလုပ်သင် ၁၂၀ဝ ဝန်းကျင် ခန့်ထားလျက်ရှိသည်။ သို့သော် လေးယောက်တွင် တစ်ယောက်အောက်သာ ဝင်ငွေနိမ့်နိုင်ငံများမှ ရွေးချယ်ခံရကြောင်းလည်း သိရသည်။ ပြီးခဲ့သည့် နှစ် ၅၀ အတွင်း WHO သည် အလုပ်သင်များကို ဂျနီဗာ ရုံးချုပ် သို့မဟုတ် ဒေသဆိုင်ရာ ရုံးချုပ် ခြောက်ရုံးသို့ ခြောက်လကြာ လာရောက်လုပ်ကိုင်စေခဲ့ပြီး လုပ်ခလည်း မပေးသလို၊ ခရီးစရိတ်လည်း မပေးသဖြင့် အလုပ်သင် တစ်ဦးလျှင် ပျမ်းမျှ ပေါင် ၅၀ဝ၀ (၆၅၄၀ ဒေါ်လာ) အိတ်စိုက် ကုန်ကျခံခဲ့ရကြောင်းလည်း သိရသည်။
အလုပ်သင်ဟောင်းတစ်ဦးက ခေါင်းဆောင်ကာ တောင်းဆိုလှုပ်ရှားခဲ့ပြီးနောက်တွင်မှ WHO က အလုပ်သင်များကို လုပ်ခလစာနှင့် ခရီးစရိတ်များ ထုတ်ပေးရန် သဘောတူခဲ့ပြီး ၂၀၂၀ ခုနှစ်ထက် နောက်မကျစေဘဲ စီမံသွားမည်ဟု ဆိုထားသည်။ ၂၀၂၂ ခုနှစ်ထက် နောက်မကျစေဘဲ အလုပ်သင် ၅၀ ရာခိုင်နှုန်းထိကို ဖွံ့ဖြိုးဆဲ ဝင်ငွေနည်းနိုင်ငံများဘက်မှ လူငယ်များထဲက ရွေးချယ်ခေါ်ယူရန်လည်း WHO က သဘောတူခဲ့သည်။
အသက် ၂၉ နှစ်အရွယ် ဗြိတိန် ဆရာဝန် အက်ရှ်တန် ဘားနတ် ဗိန်းသည် ၂၀၁၂ ခုနှစ်တွင် အလုပ်သင်အဖြစ် ထမ်းဆောင်ခဲ့ပြီးနောက် မမျှတသော အခြေအနေကို ပြုပြင်ရန် ကမ်ပိန်းလှုပ်ရှား တောင်းဆိုခဲ့မှု ရလဒ်အဖြစ် WHO က ကတိပြုခဲ့ခြင်းဖြစ်သည်။
ကုလသမဂ္ဂ တစ်ရပ်လုံးအနေဖြင့်လည်း ၂၀ဝ၉ မှ ၂၀၁၇ ခုနှစ်အတွင်း အလုပ်သင် ၃၈၀ဝ၀ ခန့်ထားခဲ့ပြီး ၈၀ ရာခိုင်နှုန်းသည် လုပ်ခလစာမရသော အလုပ်သင်များဖြစ်ကြောင်း သိရသည်။

















