ဘားအံအကျဉ်းထောင်မှထွက်ပြေးလွတ်မြောက်သွားသူ ၁၈ ဦးကို လက်ခံထားသူများကို ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကရင်ပြည်နယ်ရဲတပ်ဖွဲ့က စက်တင်ဘာ ၂၄ ရက်တွင် သတင်းထုတ်ပြန်သည်။
စက်တင်ဘာ ၁၆ ရက် နံနက် ၈ နာရီ ၄၅ အချိန်ခန့်တွင် ကရင်ပြည်နယ် ဘားအံမြို့ တောင်ကလေးအကျဉ်းထောင်ဖောက်မှုဖြစ်စဉ်ဖြစ်ပွားခဲ့ပြီး သေဒဏ်နှင့် တစ်သက်တစ်ကျွန်း ဒဏ်ကျခံ နေရသူအကျဉ်းသားအပါဝင် အချုပ်သား စုစုပေါင်း ၄၂ ဦးမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။
အဆိုပါထောက်ဖောက်ထွက်ပြေးခဲ့သူ အကျဉ်းသား ၄၂ ဦးကို အခင်းဖြစ်ပွားပြီးချိန်မှစတင်ကာ စက်တင်ဘာ ၂၂ ရက်အထိ သက်ဆိုင်ရာက လိုက်လံဖမ်းဆီးခဲ့ရာ တရားရုံးစစ်ဆေးဆဲ အချုပ်တရားခံ(၇)ဦးနှင့် အကျဉ်းသား(၁၇)ဦးတို့ကိုဖမ်းဆီးရမိခဲ့သည်။
'' အချုပ်သား ၅ ယောက်နဲ့ အကျဉ်းသား ၁၃ ယောက်ဖမ်းဆီးဖို့ကျန်နေသေးတယ်။ ပူးပေါင်းအဖွဲ့တွေ ကလည်းဆက်ပြီးစုံစမ်းနေတယ်။ တရားခံပြေးတွေကို လက်ခံထားရင် ရာဇသတ်ကြီးပုဒ်မ ၂၁၆ အရ ထောင်ဒဏ်(၇)နှစ်ကျခံရမှာဖြစ်ပါတယ်" ဟု ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးကပြော ကြားသည်။
ဖမ်းဆီးရမိရန် ကျန်ရှိသည့် ထောင်ဖောက်တရားခံပြေးများကို အများပြည်သူများသိရှိစေနိုင်ရန် ရဲတပ်ဖွဲ့က မှတ်တမ်းဓာတ်ပုံများနှင့်တကွ ထုတ်ပြန်ထားပြီး တွေ့ရှိပါက နီးစပ်ရာ ရုံး/ရဲစခန်း/ ရဲကင်း များသို့ ဆက်သွယ်အကြောင်းကြားရန် ကြေညာထားသည်။
ထောင်အတွင်းအမှိုက်စွန့်ပစ်ရန် အသုံးပြုသည့် ကင်တာအပြာရောင်အမှိုက်ယာဉ်ကိုအသုံးပြုကာ အကျဉ်းသား ၄၂ ဦးက ထောင်တံခါး ၄ ဆင့်ကိုအဆင့်ဆင့် တိုက်ကာ မောင်းနှင်ထွက်ပြေးသွား ခဲ့ခြင်းဖြစ်သည်။
ဖမ်းဆီးရန်ကျန်ရှိနေသူထောင်ဖောက်အကျဉ်းသားများနှင့်ပတ်သက်၍အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် KNU / KNLA ငြိမ်းချမ်းရေးကောင်စီနယ်မြေအတွင်း ဝင်ရောက်လာနိုင်သဖြင့် တပ်ရင်း/ဌာနနယ် မြေအတွင်း မသင်္ကာဖွယ် လူစိမ်းများဝင်ရောက်လာပါက စနစ်တကျစစ်ဆေးမေးမြန်းသွားရန်နှင့် ထောင်ပြေး အကျဉ်း သား များဖြစ်ကြောင်း စစ်ဆေးတွေ့ရှိပါက လုပ်ထုံး လုပ်နည်း များနှင့် အညီဆက် လက်ဆောင်ရွက်ပေးနိုင်ရန် ကရင်အမျိုးသားအစည်းအရုံး/ ကရင် အမျိုးသား လွတ်မြောက် ရေးတပ်မတော်ငြိမ်းချမ်းရေးကောင်စီက စက်တင်ဘာ ၂၂ ရက်စွဲ ဖြင့်ထုတ်ပြန်ထားသည်။

















