သထုံမြို့နယ်တွင် ကျပ် ၁၀ဝ၀ဝ တန် ငွေစက္ကူအတု ၁၂၅၄၅ ရွက်နှင့် အတုပြုလုပ်သည့် စက်ပစ္စည်းများကို သက်ဆိုင်ရာက ဖမ်းဆီးရမိခဲ့ပြီး အတုပြုလုပ်သူနှင့် အိမ်ရှင်ကို ယနေ့ စက်တင်ဘာ ၂၅ ရက်တွင် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
စက်တင်ဘာ ၂၄ ရက် ည ၇ နာရီ ၃၅ မိနစ်တွင် သထုံမြို့ လိပ်အင်းရပ်ကွက်နေ ဒေါ်ဌေးဌေး (၅၀) နှစ်၏ နေအိမ်တွင် ရောက်ရှိတည်းခိုနေထိုင်သူသည် ငွေစက္ကူအတုများပြုလုပ်နေကြောင်းသတင်းအရ သထုံခရိုင်ရဲတပ်ဖွဲ့ နှင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များက ဝင်ရောက်ရှာဖွေခဲ့သည်။ ထိုသို့ရှာဖွေရာ ၄င်းနေအိမ်တွင် ရောက်ရှိတည်းခိုနေသော ဇော်မင်းနိုင်(ခ) ကိုဇော် (၄၆) နှစ်၏ အခန်းအတွင်းမှ ၁၀,ဝ၀ဝ ကျပ်တန် ငွေစက္ကူအတု ၁၂၅၄၅ ရွက်၊ ၁၀,ဝ၀ဝ ကျပ်တန် ငွေစက္ကူအစစ် ၃ ရွက်၊ ၁၀,ဝ၀ဝ ငွေစက္ကူကို မိတ္တူတစ်ခြမ်းကူးထားသည့် A4 စာရွက် ၂၂၀ ရွက်၊ မိတ္တူ ၂ ဖက်ကူးထားသည့် A4 စာရွက် ၉ ရွက်၊ ကာလာပရင်တာ ၁ လုံး၊ MYANMAR စာတန်းပါမိုလောင်းထားသည့် ခဲပြားကပ်ထားသော ဖိစက် ၁ ခု၊ စက္ကူဖြတ်စက် ၁ ခု၊ ပရင်တာဆေးရည် ၄ ဗူး၊ ပလပ်စတစ်တိတ်ခွေ ၂ ခွေ၊ Safeguard ၁ ခု၊ မီးကြိုးခွေ ၁ ခွေ၊ ပေတံ ၁ ချောင်း၊ ကော်ဗူး ၃ ဗူး၊ ရေစာတံဆိပ်တုံး ၂ ခု၊ ခဲမို ၁ ခု၊ မှတ်ပုံတင် ၁ ခု၊ ခါးပတ်အိတ် ၁ လုံးနှင့် ဖုန်း ၃ လုံးတို့ကို သိမ်းဆည်းရမိခဲ့သည်။
သက်ဆိုင်ရာ၏ စုံစမ်းချက်များအရ ဇော်မင်းနိုင်(ခ)ကိုဇော်သည် လွန်ခဲ့သော ၁ လခန့်မှစ၍ ဒေါ်ဌေးဌေး ၏နေအိမ်တွင် ရောက်ရှိတည်းခိုနေပြီး ဇော်မင်းနိုင်(ခ)ကိုဇော်ထံသို့ သထုံမြို့နယ်၊ အလံတစ်ရာကျေးရွာနေ ဘိုလေး (စိစစ်ဆဲ)ရောက်ရှိလာပြီး ဇော်မင်းနိုင်(ခ)ကိုဇော် အခန်း၌ ငွေစက္ကူအတုများကို ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသဖြင့် ၄င်းတို့ကို အရေးယူပေးရန်တိုင်ကြားခဲ့သည်။
သထုံမြို့နယ်ရဲစခန်းက(ပ)၇၉၅/၁၈၊ ဗဟိုဘဏ်ဥပဒေပုဒ်မ ၁၀၅/၁၀၆ အရ အမှုဖွင့် စစ်ဆေးလျက်ရှိပြီး တိမ်းရှောင်နေသူ ဘိုလေး (စုံစမ်းဆဲ)ကို စစ်ဆေးနိုင်ရန် ဆက်လက်စုံစမ်းလျက်ရှိသည်။

















