၄၉ ရက်တိုင် ဖောင်ဖြင့် ပင်လယ်ထဲမျောနေသူ အင်ဒိုနီးရှား ဆယ်ကျော်သက်အား ဂူအမ်ကျွန်းအနီး ကယ်ဆယ်နိုင်ခဲ့ဆို

၄၉ ရက်တိုင် ဖောင်ဖြင့် ပင်လယ်ထဲမျောနေသူ အင်ဒိုနီးရှား ဆယ်ကျော်သက်အား ဂူအမ်ကျွန်းအနီး ကယ်ဆယ်နိုင်ခဲ့ဆို

ငါးဖမ်းထောင်ချောက် သစ်သားဖောင်တစ်ခုဖြင့် ပင်လယ်တွင်း ၄၉ ရက်တိုင်တိုင် မျောပါနေခဲ့သည့် အင်ဒိုနီးရှား ဆယ်ကျော်သက်တစ်ဦးအား ကုန်သင်္ဘောတစ်စင်းကဂူအမ်ကျွန်းကမ်းလွန်တွင် တွေ့ရှိကယ်ဆယ်နိုင်ခဲ့သည်။ အိုဆာကာရှိ အင်ဒိုနီးရှားကောင်စစ် ဝန်ရုံးက အသက် ၁၈ နှစ်အရွယ် အဲလ်ဒီနိုဗဲလ်အဒီလန်ကို ၎င်းငါးဖမ်းခဲ့သည့်နေရာမှ မိုင် ၁၂၀ဝ(ကီလိုမီတာ ၁၉၂၀)အကွာ ဂူအမ်ကမ်းလွန်တွင် သြဂုတ် ၃၁ ရက်က ပနားမား အလံတင်ကုန်သင်္ဘောတစ်စင်းက တွေ့ရှိကယ်ဆယ်နိုင်ခဲ့ကြောင်း၊ ၎င်းသည် အင်ဒိုနီးရှားသို့ ယခုလ ၈ ရက်တွင် ပြန်လည်ရောက်ရှိခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

ဆက်သွယ်နိုင်ခဲ့

အဒီလန်သည် စူလာဝေစီကျွန်းမှ ၁၂၅ ကီလိုမီတာ(၇၈ မိုင်)အကွာတွင် ငါးဖမ်း ဖောင်ဖြင့် တစ်ဦးတည်း နေ့ညနေထိုင်လုပ်ကိုင်ခဲ့ရခြင်းဖြစ်သည်။ ၎င်း၏ဖောင်သည် ကျောက်ဆူးကြိုးပြတ်၍မျောပါခဲ့ပြီး ဖောင်ပေါ်ရှိ ရိက္ခာနှင့် မီးစက်ငယ်အတွက် လောင်စာ ဆီတို့ကုန်ခန်းသွားပြီးနောက် ရသမျှငါးများဖမ်း၍ အသက်မွေးခဲ့ရသည်။ သို့သော် မီးအိမ် တစ်ခုနှင့် လက်ကိုင်ရေဒီယိုစက်တစ်လုံး အသုံးပြုနိုင်သေး၍ တစ်လနှင့် ၁၈ ရက်အကြာ မျောပါခဲ့ပြီးချိန်တွင် သင်္ဘောတစ်စင်းကိုမြင်လျှင် အဒီလန်က အချက်ပြဆက်သွယ်အကူအညီ တောင်းခံနိုင်ခဲ့သည်။

၎င်းကို အမ်ဗွီအပီဂီယိုသင်္ဘောက ကယ်တင်နိုင်ခဲ့ပြီး ဂူအမ်ကျွန်းမှ တစ်ဆင့် ဂျပန်ရှိအင်ဒိုနီးရှားကောင်စစ်ဝန်ရုံးကို ဆက်သွယ်နိုင်ခဲ့ခြင်းဖြစ်သည်။