ဥပဒေချုပ်ဟောင်း ဦးဟန်ထူးအပါအဝင် ၆ ဦးကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် ယနေ့ ရုံးထုတ်

ဥပဒေချုပ်ဟောင်း ဦးဟန်ထူးအပါအဝင် ၆ ဦးကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် ယနေ့ ရုံးထုတ်

ရန်ကုန်တိုင်းဒေသကြီးဥပဒေချုပ်ဟောင်း ဦးဟန်ထူးအပါအဝင် ၆ ဦးကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် ယနေ့( စက်တင်ဘာ ၂၅ ရက်) တွင် ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်တွင် ရုံးထုတ်ခဲ့သည်။

ဟာသသရုပ်ဆောင်အောင်ရဲထွေး အသတ်ခံခဲ့ရမှုနှင့်ပတ်သက်၍ တရားခံအဖြစ်စွပ်စွဲခံထားရသူများ၏ မိသားစုဝင်များထံမှ လာဘ်ငွေရယူကာ အမှုကို စွဲချက်မတင်မီလွှတ်ပေးခဲ့သည်ဆိုမှုနှင့်ပတ်သက်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းဖော်ထုတ်ခဲ့သည်။

ထိုသို့စုံစမ်းဖော်ထုတ်ချက်များအရ ရန်ကုန်တိုင်းဒေသကြီးဥပဒေချုပ်ဟောင်း ဦးဟန်ထူး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဥပဒေရုံးမှ ဒုတိယခရိုင်ဥပဒေအရာရှိ ဒေါ်သစ်သစ်ခင်၊ ရန်ကုန် အရှေ့ပိုင်းခရိုင်ဥပဒေအရာရှိ ဦးကိုကိုလေး၊ ရန်ကုန်တိုင်းဒေသကြီးဥပဒေအရာရှိ ဦးသိန်းဇော်၊ ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးမှ ဒုတိယခရိုင်တရားသူကြီး ဦးအောင်ကြည်၊ ရဲအုပ်ချစ်ကိုကိုတို့ ၆ ဦးကို သုဝဏ္ဏနယ်မြေရဲစခန်းတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်အရေးယူခဲ့ပြီး မြို့နယ်တရားရုံးတွင် ပထမအကြိမ် ချုပ်ရမန်ရယူခဲ့ကာ ယနေ့ တိုင်းဒေသကြီးတရားလွှတ်တော်တွင် ရုံးထုတ်ခဲ့ခြင်းဖြစ်သည်။

ယနေ့ရုံးချိန်းတွင် တိုင်းဥပဒေအရာရှိချုပ် ဦးဟန်ထူးကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ အရ လည်းကောင်း၊ ခရိုင်တရားသူကြီး၊ ဥပဒေအရာရှိ အပါအဝင် ၅ ဦးတို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆ အရလည်းကောင်း အသီးသီးတရားစွဲဆိုရုံးထုတ်ခဲ့ကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး