အက်စ်-၃၀ဝ လေကြောင်းရန် ကာကွယ်ရေးဒုံးကျည်စနစ်များ ဆီးရီးယား၌ ချထားကာ ဆီးရီးယားလေကြောင်းရန် ကာကွယ်ရေးစနစ်ကို အဆင့်မြှင့်ပေးမည်ဟု ရုရှားအစိုးရက ထုတ်ပြန်ပြောကြားလိုက်သည်။
လာမည့် သီတင်းပတ် နှစ်ပတ်အတွင်းအက်စ်-၃၀ဝ လေကြောင်းရန်ကာကွယ်ရေးစနစ်ကိုဆီးရီးယားသို့ ပေးပို့မည်ဟုလည်း သိရသည်။ ပြီးခဲ့သည့် သီတင်းပတ်ကအစ္စရေးလေတပ်က ဆီးရီးယားလာတာကီယာပြည်နယ်အတွင်း ပစ်မှတ်များကိုတိုက်ခိုက်စဉ် ဆီးရီးယားလေကြောင်း ကာကွယ်ရေးကတုံ့ပြန်ခဲ့ရာ၌ ရုရှားတိုက်လေယာဉ်တစ်စင်းကို မှားယွင်းပစ်ချမိခဲ့ပြီးနောက်တွင် အက်စ်-၃၀ဝ စနစ်ကိုဆီးရီးယားသို့ ပေးပို့မည်ဟု ရုရှားကကြေညာခဲ့ခြင်းဖြစ်သည်။
ရုရှားသည် ဆီးရီးယားတွင် လေတပ်အခြေစိုက်စခန်း တည်ဆောက်ထားလျက်ရှိပြီး ဆီးရီးယားသမ္မတဘားရှားအယ်လ် အာဆတ်၏ တပ်ဖွဲ့များဘက်ကနေ ကူညီကာ လေကြောင်းပစ်ကူမှုများပေးလျက်ရှိသည်။ အက်စ်-၃၀ဝ လေကြောင်းကာကွယ်ရေးစနစ်ကို ဆီးရီးယားသို့ ယခင်ကတည်းကပေးပို့ရန် စီစဉ်ထားခြင်းဖြစ်ပြီးအစ္စရေး၏ တောင်းဆိုမှုကြောင့် ၂၀၁၃ တွင် ရပ်ထားခဲ့ခြင်းဖြစ်ကြောင်း၊ ယခုအခါ အခြေအနေများပြောင်းလဲလာမှုကြောင့် ပြန်လည်ပေးပို့သွားမည်ဖြစ်ကြောင်း ရုရှားကာကွယ်ရေး ဝန်ကြီးဆာဂေးရှိုဂူက ပြောသည်။
အက်စ်-၃၀ဝ လေကြောင်းရန် ကာကွယ်ရေးဒုံးကျည်များ ဆီးရီးယားတွင် ချထားခြင်းကြောင့် ဒေသတွင်းတင်းမာမှုများပိုမြင့်တက်လာနိုင်သဖြင့် ပြန်လည်စဉ်းစားရန် အမေရိကန် နိုင်ငံတော်လုံခြုံရေးအကြံပေး ဂျွန် ဘိုလ်တန်ကလည်း တိုက်တွန်းပြောကြားထားသည်။
အက်စ်-၃၀ဝ လေကြောင်းရန်ကာကွယ်ရေးစနစ်သည် ဆီးရီးယားပစ်မှတ်များကို တိုက်ခိုက်လာမည့် လေယာဉ်များ၏ အီလက်ထရွန်းနစ် ဆက်သွယ်ရေးများကိုပါ ဖြတ်တောက်ပစ်နိုင်သလို၊ ရုရှားလေယာဉ်များကိုလည်း မှန်ကန်စွာထောက်လှမ်းနိုင်သဖြင့် မှားယွင်းပစ်ချမိခြင်းမျိုးမဖြစ်နိုင်ကြောင်း သိရသည်။

















