မဝေးတော့သည့်အနာဂတ်တွင် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နှင့် ထပ်မံတွေ့ဆုံ၍ ဒုတိယအကြိမ် ထိပ်သီးစည်းဝေးပွဲကျင်းပရန် မျှော်လင့်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နယူးယောက်၌ ပြောဆိုခဲ့သည်။
ကင်ဂျုံအွန်နှင့်မကြာမီက တွေ့ဆုံခဲ့သည့် တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်းနှင့် ယှဉ်တွဲရပ်လျက် သမ္မတထရမ့်က ကိုရီးယားကျွန်းဆွယ်အရေး အတော်အတန်တိုးတက်မှုရအောင် ဆောင်ရွက်ခဲ့ကြောင်း၊ မြောက်ကိုရီးယားနှင့်ဆက်ဆံရေး အလွန်ကောင်းမွန်ကြောင်း၊ အံ့မခန်းဖြစ်ရပ်များလည်းရှိကြောင်း ပြောဆိုခဲ့သည်။
လွန်ခဲ့သည့်တစ်နှစ်က အမေရိကန်နှင့် မြောက်ကိုရီးယားတို့သည် နျူကလီးယားအရေးနှင့်ပတ်သက်၍ လူသိရှင်ကြား ထိပ်တိုက်အငြင်းပွားခဲ့ကြပြီး ပြီးခဲ့သည့်ဇွန်လ၌ ထရမ့်နှင့်ကင်တို့ ပထမဆုံးအကြိမ် သမိုင်းဝင် တွေ့ဆုံနိုင်ခဲ့သည်။ ကုလသမဂ္ဂအထွေထွေညီလာခံတက်ရောက်ရန် နယူးယောက်သို့ရောက်ရှိနေသည့် သမ္မတထရမ့်က ကင်နှင့် ဒုတိယအကြိမ် အမြန်ဆုံးတွေ့ဆုံရန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုက စီစဉ်လိမ့်မည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
သမ္မတမွန်းဂျေအင်းသည် ဆယ်စုနှစ်တစ်ခုအတွင်း မြောက်ကိုရီးယားသို့ ပထမဆုံးသွားရောက်သည့် တောင်ကိုရီးယားခေါင်းဆောင်အနေဖြင့် သုံးရက်ကြာရောက်ရှိလည်ပတ်ခဲ့ပြီး ကင်ဂျုံအွန်နှင့် ထပ်မံတွေ ့ ဆုံခဲ့သည်။ ကင်သည် နျူလုံးဝကင်းစင်ရေးဆောင်ရွက်လိုကြောင်း အတည်ပြုလိုက်ပြီး သမ္မတထရမ့်နှင့်လည်း မကြာမီ ထပ်မံ တွေ့ဆုံလိုကြောင်း မွန်းက ပြောဆိုခဲ့သည်။
သမ္မတထရမ့်နှင့် သမ္မတမွန်းတို့သည် အမေရိကန်ကားကုမ္ပဏီများနှင့် ဆေးဝါးကုမ္ပဏီများအတွက် အခွင့်အလမ်းများချဲ့ထွင်မည့် ပြန်လည်စိစစ်ထားသည့် ကုန်သွယ်ရေးသဘောတူညီချက်ကိုလည်း လက်မှတ်ရေးထိုးခဲ့ကြသည်။

















