သမ္မတဒေါ်နယ်ထရမ့်က အမေရိကန်တရားရုံးချုပ်တရားသူကြီးခန့်အပ်ရန် အမည်စာရင်းတင်သွင်းထားသည့် ဘရက်ကာဗာနော့သည် ဇနီးသည်လိုက်ပါလျက် ဖောက်စ်ရုပ်သံသတင်းအင်တာဗျူးမှတစ်ဆင့် ၄င်းသည် ဆယ်ကျော်သက်ဘဝက အမျိုးသမီးများကို လိင်မှုမတော်မရော်ပြုလုပ်ခဲ့သည်ဆိုခြင်းမှာ မဟုတ်မှန်ကြောင်း ငြင်းဆိုခဲ့သည်။
တရားရုံးချုပ်တရားသူကြီးလောင်းများ မီဒီယာနှင့် အင်တာဗျူးပြုလုပ်သည်ဆိုခြင်းမှာ ရှားရှားပါးပါးဖြစ်ပြီး နှစ် ၁၀ဝ အတွင်း ပထမဆုံးအကြိမ်ဖြစ်ကြောင်း ဘရုတ်ကလင်တက္ကသိုလ်မှ တရားစီရင်ရေးဆိုင်ရာကျွမ်းကျင်သူ ရပ်ဆဲလ်ဝှီးလာက ပြောဆိုသည်။
စိတ်ပညာပါမောက္ခ ခရစ္စတင်း ဘလာဆေဖို့ဒ်သည် ဆယ်ကျော်သက်ဘဝ၌ ပါတီပွဲတစ်ခုတွင် ကာဗာနော့က ၄င်းကို လိင်မှုအနိုင်ကျင့်ရန် ကြိုးပမ်းခဲ့ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ ယင်းကြောင့် ကာဗာနော့အား တရားသူကြီးခန့်အပ်ရန် ကြားနာမည့် အထက်လွှတ်တော်တရားရေးကော်မတီက ကာဗာနော့နှင့် ဖို့ဒ်တို့ကိုယ်တိုင် ထွက်ဆိုချက်ပေးရန် စီစဉ်နေစဉ် နောက်ထပ်အမျိုးသမီးတစ်ဦးဖြစ်သူ ဒီဘိုရာ ရာမီရက်ဇ်ကလည်း ယေးလ်တက္ကသိ်ုလ်ကျောင်းသားကျောင်းသူဘဝက ၄င်းအပေါ် ကာဗာနော့က လိင်မှုစော်ကားခဲ့ကြောင်း စွပ်စွဲခဲ့ပြန်သည်။
ကာဗာနော့က ပါတီပွဲတွင် ဖို့ဒ်နှင့်တွေ့ကောင်းတွေ့နိုင်ခဲ့သော်လည်း လိင်မှုနှောင့်ယှက်မှုမပြုခဲ့ဟု ဆိုသည်။ တက္ကသိ်ုလ်ကျောင်းသားဘဝတွင် ရာမီရက်ဇ်အား လိင်မှုစော်ကားခဲ့သည်ဆိုခြင်းကိုလည်း ငြင်းဆန်ခဲ့သည်။
သမ္မတထရမ့်နှင့် အထက်လွှတ်တော်လူများစုခေါင်းဆောင် မစ်ချ်မက်ကောနဲလ်တို့ ကာဗာနော့အပေါ် စွပ်စွဲမှုများ မဟုတ်မှန်ဘဲ နိုင်ငံရေးအရထိုးနှက်ခြင်းသာဖြစ်ကြောင်း ပြောဆိုခဲ့ကြသည်။ ဒီမိုကရက်များကမူ ကာဗာနော့အပေါ် စွပ်စွဲချက်များကို အက်ဖ်ဘီအိုင်က စုံစမ်းသင့်ကြောင်း ပြောဆိုခဲ့ကြသည်။
ထရမ့်၏ ရီပတ်ဘလီကန်အုပ်စုသည် စက်တင်ဘာလကုန်တွင် ရှေးရိုုးစွဲဝါဒီ ကာဗာနော့အား ရာသက်ပန်တာဝန်ထမ်းဆောင်ခွင့်ရှိသည့် တရားရုံးချုပ် တရားသူကြီး တစ်နေရာခန့်အပ်နိုင်ရေး အပြင်းအထန် တိုက်ပွဲဝင်နေရသည်။

















