ခိုလှုံသူများကို ပြည်နှင်ဒဏ်ပေးရန်၊ နိုင်ငံသားခံယူခွင့် ပြုထားခြင်းရပ်ဆိုင်းရန် ပိုမိုမြန်ဆန် အဆင်ပြေစေမည့် ဥပဒေသစ်ကိုအီတလီအစိုးရက ရေးဆွဲလိုက်ပြီဖြစ်ကြောင်း သိရသည်။
မုဒိမ်းမှု၊ အကြမ်းဖက် ရန်ပြုတိုက်ခိုက်မှုများ ကျူးလွန်ပါကခိုလှုံသူများကို နိုင်ငံမှ နှင်ထုတ်သည်အထိအရေးယူမည်ဖြစ်ကြောင်းဥပဒေတွင် ဖော်ပြထားသည်။ ယခင်ကထိုသို့ နှင်ထုတ်နိုင်ရန် နှစ်ရှည်ကြာသည့် အယူခံအဆင့်ဆင့် ပြီးနောက်တွင်မှ ဖြစ်နိုင်သော်လည်း ဥပဒေသစ်ကြောင့် အချိန်တိုအတွင်းအရေးယူနှင်ထုတ်နိုင်မည်ဖြစ်သည်။
အီတလီကိုပို၍ ဘေးကင်းလုံခြုံစေရန် ယခုဥပဒေလိုအပ်သည်ဟု ပြည်ထဲရေးဝန်ကြီးမတ်တီယိုဆယ်ဗီနီကပြောသည်။ ဥပဒေသည် လွှတ်တော်၏ အတည်ပြုမှုကိုရယူရန် လိုအပ်သည်။ မူးယစ်ကိစ္စများနှင့် ပတ်သက်နေကြောင်းသံသယရှိသည့် ခိုလှုံသူများကိုလည်းခိုလှုံခွင့်ချထားပေးရန် ငြင်းပယ်ခွင့်ရှိကြောင်းဥပဒေတွင် ဖော်ပြထားသည်။
ဇွန်လရွေးကောက်ပွဲတွင် လက်ယာယိမ်းသမဂ္ဂပါတီနှင့် သမားရိုးကျကိုဆန့်ကျင်သော ကြယ်ငါးပွင့်ပါတီတို့ ညွန့်ပေါင်းအစိုးရဖွဲ့ပြီးနောက် ပြည်ထဲရေးဝန်ကြီးဖြစ်လာသော မစ္စတာဆယ်ဗီနီသည် ခိုလှုံသူအရေးတင်းကျပ်စွာ ကိုင်တွယ်မှုကြောင့် လူအများသတိထားမိသည့် နိုင်ငံရေးသမားတစ်ဦး ဖြစ်လျက်ရှိသည်။
မစ္စတာဆယ်ဗီနီသည် ခိုလှုံသူကယ်ဆယ်ရေးသင်္ဘောများကိုလည်း တင်းကျပ်စွာကိုင်တွယ်မှုဖြင့် နာမည်ကျော်လျက်ရှိပြီး ပြီးခဲ့သည့်လကစစ္စလီကျွန်းတွင် ကမ်းခြေစောင့်သင်္ဘောကကယ်လာသောခိုလှုံသူ ၁၅၀ ကိုဆိပ်ကမ်းသို့ ဆင်းခွင့်မပြုသဖြင့် အငြင်းပွားမှုများ ဖြစ်ပွားခဲ့ကာထိုကိစ္စနှင့် ပတ်သက်ပြီးမစ္စတာဆယ်ဗီနီသည် စုံစမ်းစစ်ဆေးခံရလျက်ရှိသည်။
တစ်ပြိုင်နက်မှာပင် မြေထဲပင်လယ်အတွင်းဒုက္ခရောက်နေသော ခိုလှုံသူများကိုကယ်ဆယ်လျက်ရှိသည့် အကွားရီးယတ်စ် သင်္ဘောသည် ပနားမားမှတ်ပုံတင် ရုပ်သိမ်းခံရသဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများပါ ထိခိုက်မည့်အလားအလာရှိနေသည်။ ထိုသင်္ဘောသည် ခိုလှုံသူများကို ကယ်ဆယ်ရေးဆောင်ရွက်နေသည့် နောက်ဆုံးလက်ကျန် အရပ်ဘက်သင်္ဘောလည်းဖြစ်သည်။

















