ဒုက္ခသည်များကို ကုသပေးနေသည့် တောင်ဆူဒန်ဆရာဝန် ကုလဂုဏ်ထူးဆောင်ဆုရရှိ

ဒုက္ခသည်များကို ကုသပေးနေသည့် တောင်ဆူဒန်ဆရာဝန် ကုလဂုဏ်ထူးဆောင်ဆုရရှိ

တောင်ဆူဒန်နိုင်ငံ ဘန်ဂျ်မြို့၌ လူနာပြည့်ကျပ်နေပြီး မီးမှိန်မှိန်သာ ထွန်းထားနိုင်သည့် ဆေးရုံတစ်ရုံကို ဖွင့်လှစ်ကာ ကုသမှုများပြုလုပ်ပေးနေသည့် ဆရာဝန် အီဗန် အာတာ အဒါဟာသည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအေဂျင်စီ( UNHCR)က ပေးအပ်သော ဂုဏ်ထူးဆောင် နန်ဆန်ဆုကို စက်တင်ဘာ ၂၅ ရက်တွင် ရရှိခဲ့သည်။

အာတာ၏ မာဘန်ဆေးရုံသည် အိမ်နီးချင်း မြောက်ဆူဒန်နိုင်ငံရှိ ဘလူးနိုင်းပြည်နယ်မှ ထွက်ပြေးတိမ်းရှောင်လာသည့် ဒုက္ခသည် ၁၄၄၀ဝ၀ ကျော်ခန့်ကို ကုသမှုများပြုလုပ်ပေးနေကြောင်း ကုလဒုက္ခသည်များဆိုင်ရာအေဂျင်စီက ပြောဆိုခဲ့သည်။
    ဆေးရုံရှိ ဓာတ်မှန်စက်မှာပျက်နေပြီး အာတာနှင့် အဖွဲ့သည် မီးလုံးတစ်လုံးသာရှိသည့် အခန်းတစ်ခန်းထဲတွင် တစ်ပတ်လျှင် လူ ၆၀ ခန့်ကို ခွဲစိတ်မှုများပြုလုပ်ပေးနေရကြောင်း အေဂျင်စီက ပြောသည်။ အာတာ၏အင်မတန်ကို လူသားချင်းစာနာထောက်ထားပြီး အတ္တကင်းမဲ့မှုများကြောင့် လူထောင်ပေါင်းများစွာတို့၏အသက်ကိုကယ်တင်နိုင်ခဲ့ကြောင်း အေဂျင်စီအကြီးအကဲ ဖိလစ်ပို ဂရန်ဒီကပြောဆိုခဲ့သည်။
    အာတာသည် ဘလူးနိုင်းပြည်နယ်၌ ဆေးရုံဖွင့်လှစ်ခဲ့သော်လည်း ၂၀၁၁ ခုနှစ်တွင် မြောက်ဆူဒန်အစိုးရနှင့် သူပုန်များကြား တိုက်ပွဲဖြစ်ပွားပြီးနောက် ယင်းနေရာမှ ရွှေ့ပြောင်းခဲ့ရသည်။ မြောက်ဆူဒန်အစိုးရသည် ဘလူးနိုင်းပြည်နယ်၌ အပစ်အခတ်ရပ်စဲကြောင်း မတ်တွင် တစ်ဖက်သတ်ကြေညာခဲ့သည်။
    ၂၀၁၄ ခုနှစ်တွင် နိုင်ဂျီးရီးယားနိုင်ငံ ချီဘော့ခ်ရှိ အထက်တန်းကျောင်းမှ ဘိုကိုဟာရမ်အစွန်းရောက်အဖွဲ့၏ပြန်ပေးဆွဲခံခဲ့ရသည့် ကျောင်းသူလေးများအနက် တချို့ပြန်လည်လွတ်မြောက်ရေး ကြားဝင်စေ့စပ်ပေးခဲ့သူ နိုင်ဂျီးရီးယားနိုင်ငံသား ဇန်နာ မူစတာဖာသည် ယမန်နှစ်တွင် နန်ဆန်ဆုရရှိခဲ့သည်။