ကွန်မြူနစ်ပါတီနှင့် အစိုးရတို့ကို ဖေ့စ်ဘွတ်ခ်မှစော်ကားခဲ့မှုဖြင့် ဗီယက်နမ်နိုင်ငံရေးလှုပ်ရှားသူတစ်ဦး ထောင်ဒဏ်ချမှတ်ခံရ

ကွန်မြူနစ်ပါတီနှင့် အစိုးရတို့ကို ဖေ့စ်ဘွတ်ခ်မှစော်ကားခဲ့မှုဖြင့် ဗီယက်နမ်နိုင်ငံရေးလှုပ်ရှားသူတစ်ဦး ထောင်ဒဏ်ချမှတ်ခံရ

ဗီယက်နမ်အာဏာရ ကွန်မြူနစ်ပါတီနှင့် အစိုးရတို့ကို စော်ကားပြီး အစိုးရဆန့်ကျင်ရေးဆန္ဒပြမှုများပြုလုပ်ရန် ဖေ့စ်ဘွတ်ခ်မှတစ်ဆင့် လှုံ့ဆော်ခဲ့မှုဖြင့် နိုင်ငံရေးလှုပ်ရှားသူတစ်ဦးအား ဗီယက်နမ်နိုင်ငံတောင်ပိုင်းရှိ တရားရုံးတစ်ရုံးက စက်တင်ဘာ ၂၄ ရက်တွင် ထောင်ဒဏ် ၂၇ လချမှတ်လိုက်ပြီဖြစ်သည်။

အသက် ၄၂ နှစ်အရွယ် ဒိုယန် ခန်း ဗင်ကွန်သည် ဒီမိုကရေစီနည်းကျလွတ်လပ်ခွင့်များကို အသုံးချပြီး နိုင်ငံတော်၏တရားဝင်အကျိုးစီးပွားကို ထိခိုက်အောင် လုပ်ဆောင်ခဲ့ကြောင်း ကန်သိုခရိုင်ရှိ ပြည်သူ့တရားရုံးက စက်တင်ဘာ ၂၄ ရက်တွင် တစ်ရက်ကြာ ကြားနာစစ်ဆေးခဲ့ပြီးနောက် ဆုံးဖြတ်ခဲ့ကြောင်း ဗီယက်နမ်သတင်းဌာနက ဖော်ပြခဲ့သည်။
    ကွန်မြူနစ်ပါတီနှင့် အစိုးရကိုဖြုတ်ချနိုင်ရေးအတွက် ကွန်သည် ပြည်တွင်းနှင့်ပြည်ပရှိ တော်လှန်ရေးနှင့် ရန်လိုသော အင်အားစုများ၏အကူအညီများကိုရယူခဲ့ကြောင်း တရားသူကြီးများက ပြောဆိုခဲ့သည်ဟု သတင်းဌာနကဖော်ပြခဲ့သည်။ 
    ကွန်မြူနစ်အာဏာပိုင်များက အတိုက်အခံများကို တိုးမြှင့်ဖိနှိပ်နေချိန်တွင် ယခုကဲ့သို့ ပြစ်ဒဏ်ချမှတ်မှုရှိလာခဲ့ခြင်းဖြစ်သည်။ ရက်သတ္တပတ်တစ်ပတ်အတွင်း ကွန်အပါအဝင် နိ်ုင်ငံရေးနှင့် လူ့အခွင့်အရေးလှုပ်ရှားသူ သုံးဦး အလားတူပြစ်မှုများဖြင့် ထောင်ဒဏ်ချမှတ်ခံခဲ့ရပြီးဖြစ်သည်။
    ငုယင် ဟွန် ငုယင်နှင့် ထရူယွန် ဒင်ခန်းတို့သည် ကွယ်လွန်သူ သမ္မတ ဟိုချီမင်းအပါအဝင် ကွန်မြူနစ်ပါတီနှင့် ခေါင်းဆောင်များကို စော်ကားမှုဖြင့် ထောင်ဒဏ်နှစ်နှစ်နှင့် တစ်နှစ်စီ အသီးသီးချမှတ်ခံခဲ့ရသည်။ လွန်ခဲ့သော နှစ်ပေါင်း ၃၀ ကျော်အတွင်း စီးပွားရေးပြုပြင်ပြောင်းလဲမှုများကိုဖော်ဆောင်ပြီး ဗီယက်နမ်သို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများနှင့် ကုန်သွယ်မှုများကို တံခါးဖွင့်ပေးခဲ့မှုကြောင့် ဒေသတွင်း စီးပွားရေးလျှင်မြန်စွာတိုးတက်ခဲ့သော်လည်း ကွန်မြူနစ်ပါတီသည် ၎င်းတို့၏တစ်ပါတီအုပ်ချုပ်မှုအား ခြိမ်းခြောက်မည့် စိန်ခေါ်မှုများကို လုံးဝသည်းခံခြင်းမရှိချေ။ 
    ဗီယက်နမ်အစိုးရသည် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်သူများအား ထောင်ဒဏ်ချမှတ်နေကြောင်း အနောက်နိုင်ငံနှင့် နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့များက ဝေဖန်ပြောဆိုခဲ့သည်။ ယခုနှစ် ဧပြီအထိ လူ့အခွင့်အရေးလှုပ်ရှားသူ ၉၇ ဦးခန့် ချုပ်နှောင်ခံထားရကြောင်း နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့က ပြောဆိုခဲ့သည်။