လမ်းနယ်အတွင်း ကျူးကျော်လာပါက မည်သည့်ပုဂ္ဂိုလ်ကိုမဆို တရားစွဲမည်ဟု ဆို

လမ်းနယ်အတွင်း ကျူးကျော်လာပါက မည်သည့်ပုဂ္ဂိုလ်ကိုမဆို တရားစွဲမည်ဟု ဆို

ရန်ကုန်တိုင်းဒေသကြီးအတွင်း လမ်းမကြီးများဥပဒေအရ လမ်းနယ်အတွင်း ကျူးကျော်လာပါက မည်သည့်ပုဂ္ဂိုလ်ကိုမဆို ဆက်လက်တရားစွဲဆိုအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က စက်တင်ဘာ ၂၅ ရက်၌ပြောသည်။ 

ရန်ကုန်တိုင်းဒေသကြီးအတွင်း တွံတေးမြို့နယ် လမ်းဦးစီးဌာနမှ ကြီးကြပ်ကွက်ကဲသော လမ်းမကြီးများအား နယ်နိမိတ်သတ်မှတ်ပေးပါရန် အစီအစဉ်ရှိ / မရှိ ၊ လမ်းနယ်အတွင်း ကျူးကျော်ပြီး စီးပွားရေးလုပ်ကိုင်နေသော သူများကို လမ်းမကြီးများဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ရန် အစီအစဉ်ရှိ၊မရှိ သိရှိလိုပါကြောင်း စက်တင်ဘာ ၂၅ ရက် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးတွင် တွံတေးမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေနိုင်ဦး၏ မေးမြန်းမှုကို ဝန်ကြီးက ထည့်သွင်းဖြေဆိုခဲ့သည်။ 

“တွံတေး-ကော့မှူး-ကွမ်းခြံကုန်းလမ်း ၊ ကံဘဲ့-ပျော်ဘွယ်လေး-ဒလလမ်း ၊ တွံတေး-လှိုင်သာယာလမ်း ၊ တွံတေး-မအူပင်လမ်းမှ လမ်းနယ်အတွင်း ကျူးကျော်နေတဲ့ ကိုယ်ကျိုးစီးပွားဈေးဆိုင်များနဲ့ လူနေအဆောက်အအုံများကို လမ်းမကြီးဥပဒေအရ တရားစွဲဆို ဆောင်ရွက်လျက်ရှိရာ ယနေ့အချိန်အထိ တရားစွဲဆိုထားတဲ့ အမှုပေါင်း ၁၇ ခုနဲ့ တရားစွဲဆိုရန် အမှုပေါင်း ၅ ခု ရှိပါတယ်။ လမ်းမကြီးများဥပဒေအရ လမ်းနယ်အတွင်း ကျူးကျော်လာပါက မည်သည့်ပုဂ္ဂိုလ်ကိုမဆို ဆက်လက်ပြီး တရားစွဲဆိုအရေးယူ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ဝန်ကြီးက ပြောသည်။ 

ဆောက်လုပ်ရေးဌာန၊ လမ်းဦးစီးဌာနပိုင် လမ်းများ၏ လမ်းနယ်နိမိတ် သတ်မှတ်ချက်ကို မြန်မာ့အလင်းသတင်းစာမှ ၁၆.၇.၂၀၁၅ ရက်မှ ၂၂.၇.၂၀၁၅ ရက်အထိ ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ကြောင်း ၊ အဆိုပါ လမ်းများဖြစ်သည့် တွံတေး-ကော့မှူး-ကွမ်းခြံကုန်းလမ်း၊ ကံဘဲ့-ပျော်ဘွယ်လေး-ဒလလမ်း၊ တွံတေး-လှိုင်သာယာလမ်းနှင့် တွံတေး-မအူပင်လမ်းများကို လမ်းနယ်နိမိတ်သတ်မှတ်ချက် အမှတ်(၅)အရ တိုင်းဒေသကြီးပြည်နယ်ချင်း ဆက်သွယ်သော လမ်းဖြစ်သည့်အတွက် လမ်းနယ် အကျယ် ၄၅ ဒသမ ၇၅ မီတာ၊ ၁၅၀ ပေဖြစ်ပြီး လမ်းအလယ်ဗဟိုမှ တစ်ဖက်လျှင် ၇၅ ပေရှိကြောင်း ဝန်ကြီးဒေါ်နီလာကျော်က ပြောသည်။
 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး