ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် သြဂဲနစ်စိုက်ပျိုးရေး အား ကဏ္ဍတစ်ရပ်အနေဖြင့် စီမံချက်ဆောင်ရွက်ရန် တိုက်တွန်းကြောင်း အဆိုတင်သွင်းခြင်းနှင့်ပတ်သက်ပြီး ယင်းအဆိုအား လွှတ်တော်၌ လက်ခံဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။
မှတ်တမ်းတင်ရန်တိုက်တွန်း
ယင်းအဆိုကို ကော့မှူးမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) လွှတ်တော် ကိုယ်စားလှယ် ဦးဇော်မင်းအောင်က စက်တင်ဘာ ၂၄ ရက်တွင် တင်သွင်းခဲ့ခြင်းဖြစ်ပြီး သုံးခွမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) ဦးနေဝင်းက အဆိုကိုထောက်ခံခဲ့ သည်။
"လက်ရှိ ရန်ကုန်တိုင်းဒေသကြီးမှာ ပဲတီစိမ်းစိုက်ပျိုးခြင်းကို အီးယူ နိုင်ငံများသို့တင်ပို့ဖို့ စိုက်ပျိုးရေးဦးစီးဌာနတို့ပူးပေါင်းပြီးတော့ GAP စနစ်နဲ့ စတင်စိုက်ပျိုးနေပါတယ်။ မှော်ဘီမှာလည်း ဓာတုကင်းလွတ်တဲ့ စိုက်ပျိုး ရေးရှိပါတယ်။ ညောင်နှစ်ပင်မှာ ဓာတုကင်းလွတ်စိုက်ပျိုးနေတဲ့ ဟင်းသီးဟင်းရွက်တွေက
တစ်နေ့ကို ၁၂ တန်ခန့် ရန်ကုန်ပြည်သူတွေကို အကျိုးပြုလျက်ရှိပါတယ်။ လက်ရှိမှာလည်း အော်ဂဲနစ်စိုက်ပျိုးရေးအဆင့်အတန်းကို စတင်ဆောင်ရွက်လျက်ရှိပါတယ်။ သြဂဲနစ် စီမံချက်နဲ့ဆောင်ရွက်ဖို့က လက်ရှိအတိုင်းအတာနဲ့ ဆောင်ရွက်နေတာ လုံလောက်ပါတယ်လို့ ယူဆပါတယ်။ ဒါကြောင့် ဒီအဆိုကို မှတ်တမ်းတင်ဖို့ တိုက်တွန်းပါတယ်" ဟု စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင် ဝန်ကြီး ဦးဟံထွန်းက ပြောဆိုသည်။
ကန့်ကွက်မည့်သူမရှိ
အဆိုပါအဆိုကို လွှတ်တော်တွင် ဆွေးနွေးသင့်မသင့်နှင့် ပတ်သက်၍ စက်တင်ဘာ ၂၄ ရက်၌ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန် တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် လွှတ်တော်ဥက္ကဋ္ဌဦးတင် မောင်ထွန်းက ပြောဆို သည်။
"ဒီအဆိုကို ဒီထဲမှာ ဆွေးနွေးသင့်လား မသင့်လားဆိုတာလေးပြောပြ တာပါ" ဟု တိုင်းလွှတ်တော်ဥက္ကဋ္ဌဦးတင်မောင်ထွန်းက လွှတ် တော် အစည်းအဝေးအတွင်း ပြောဆိုသည်။
ယင်းအဆိုနှင့်ပတ်သက်၍ လွှတ်တော်၌ ဆွေးနွေးရန် သင့်မသင့်ကို လွှတ်တော်၏အဆုံးအဖြတ်ရယူရာတွင် ကန့်ကွက်မည့်သူ မရှိသဖြင့် လွှတ်တော်၌ လက်ခံဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။
















