စစ်ကိုင်းမြို့မရဲစခန်းမှ ရဲတပ်သားတစ်ဦးကို ဝိုင်းဝန်းထိုးကြိတ်ခဲ့ပြီး ကျောက်လှည့်ဖြင့်ထိုးကာ ဆိုင် ကယ်လုယူသွားသူများကို သက်ဆိုင်ရာက ဖမ်းဆီးခဲ့ကြောင်း စက်တင်ဘာ ၂၅ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
စက်တင်ဘာ ၂၄ ရက် နံနက် ၂ နာရီ ၁၀မိနစ် အချိန်ခန့်တွင် မြစ်ငယ်- စစ်ကိုင်းကားလမ်း သူငယ်တော်ရွာကြားတွင် စစ်ကိုင်းမြို့မရဲစခန်းမှ ရဲတပ်သား အေးကျော်က ၄င်း၏သူငယ်ချင်းဖြစ်သူကို မန္တလေးမြို့၊ ကျွဲဆည်ကန်ကားကွင်းသို့ သွားရောက် ကြိုဆိုခဲ့သည်။ထိုသို့ ကြိုဆိုခဲ့ရာ ၄င်း၏သူငယ်ချင်းကို မတွေ့ရှိသဖြင့် ၄င်းပိုင်ဆိုင်ကယ်ဖြင့် တစ်ဦးတည်းပြန်လာခဲ့ကြောင်း ထိုစဉ် စစ်ကိုင်း-မြစ်ငယ်ကားလမ်း ဆင်ရွာမြင်းမူးကျေးရွာနှင့် သူငယ်တော်ရွာ လမ်းကြားအရောက်တွင် ဆိုင်ကယ်(၂)စီးဖြင့် အနက်ရောင်အင်္ကျီဝတ်ဆင်ထားသည့် လူငယ်(၄)ဦးသည် နောက်မှ လိုက်လာခဲ့ကြောင်း သိရသည်။
၎င်းတို့က ဦးခေါင်းကို တုတ်ဖြင့်ရိုက်ကာ လဲကျသွားစဉ် ချွန်ထက်သောအရာဖြင့် ဝဲနံစောင်းကို ထိုးသွင်းကာ ဆိုင်ကယ်ကို ယူဆောင်သွားခဲ့သောကြောင့် အမရပူရမြို့နယ်၊ မြစ်ငယ်နယ်မြေရဲစခန်းက (ပ)၃၉၆/၁၈ ရာဇသတ်ကြီးပုဒ်မ-၃၉၄ အရ အမှုဖွင့်တိုင်ကြားခဲ့သည်။
သက်ဆိုင်ရာ အထူးအမှုစစ်အဖွဲ့၏ ဖော်ထုတ်ချက်အရ စစ်ကိုင်းတံတား(အင်းဝတံတား) CCTV မှတ်တမ်းများပေါ်ရှိ လူ/ဆိုင်ကယ် ပုံသဏ္ဍာန်တူညီမှု အထောက်အထားများအရလည်းကောင်း၊ ဆောင်းထားသည့်ဦးထုပ်နှင့် တူညီမှုအရ လည်းကောင်း၊ အမှုဖြင့် မသင်္ကာသူ စစ်ကိုင်းမြို့နေ ဇေယျာထွန်း(ခ)ယုန်လေး ၁၉ နှစ်၊ မောင်မောင်တင်(ခ) မကာဒူး ၂၀ နှစ်၊ ချမ်းကို ၁၉ နှစ်၊ ထက်မြက်အောင်(ခ)ဖက်တီး ၁၉နှစ်နှင့် အောင်မိုးမြင့်ထွန်း (ခ)မိုးမြင့် ၂၀ နှစ် တို့ကို အမှုဖြင့်စစ်ဆေးခဲ့သည်။
မိုးမြင့်နှင့် ချမ်းကိုတို့ကို စစ်ဆေးပေါ်ပေါက်ချက်အရ ပြစ်မှုကျူးလွန်စဉ် ဟိန်းရာဇာ၊ ခန့်မင်းဦး၊ ချမ်းကို၊ ယုန်လေး(ခ) ဇေယျာထွန်း၊ ဖက်တီး(ခ)ထက်မြက်အောင်၊ မိုးမြင့်(ခ)အောင်မိုးမြင့်ထွန်းတို့က စစ်ကိုင်းမြို့နေ အေးကျော်ကို စစ်ကိုင်းမှမန္တလေးသို့ လိုက်ပါစောင့်ကြည့်စဉ် ကျောက်စိမ်းဘုရားအနီး မရောက်မီ ဆိုင်ကယ်ဖြင့် လိုက်လာကာ တုတ်ဖြင့်ရိုက်ပြီး ဆိုင်ကယ်လဲသွားစဉ် ဝိုင်းဝန်းထိုးကြိတ်ရိုက်နှက်ခဲ့ကြောင်း သိရသည်။
ခန့်မင်းဦးက ကျောက်လှည့်ဖြင့်ထိုးခဲ့ပြီး AINBO-125 ဆိုင်ကယ်အား လုယက်ယူဆောင်သွားကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ၎င်းတို့ ၇ ဦးကို သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးကာ ဆက်လက်အရေးယူထားသည်။

















