လူတစ်စုက ကားဖြင့်ရောက်လာပြီး သေနတ်ဖြင့်ပစ်ခတ်မှု လှိုင်သာယာတွင်ဖြစ်ပွားပြီး တစ်ဦးဖမ်းမိ

လူတစ်စုက ကားဖြင့်ရောက်လာပြီး သေနတ်ဖြင့်ပစ်ခတ်မှု လှိုင်သာယာတွင်ဖြစ်ပွားပြီး တစ်ဦးဖမ်းမိ

လှိုင်သာယာမြို့နယ် အပြင်ပဒံကျေးရွာ ဆန်စက်လမ်းရှိ နေအိမ်ခြံဝင်းတစ်ခုအတွင်း နေထိုင်သူ အမျိုးသားထံသို့ လူတစ်စုက ကားဖြင့်ရောက်လာပြီး သေနတ်ဖြင့်ပစ်ခတ်မှု ယနေ့ စက်တင်ဘာ ၂၆ ရက်နေ့တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယနေ့ နံနက် ၁၁ နာရီခွဲ အချိန်ခန့်တွင် လှိုင်သာယာမြို့နယ် သောင်ကြီးရဲစခန်းအပိုင် အပြင်ပဒံကျေးရွာ ဆန်စက်လမ်းရှိ နေအိမ်ခြံဝင်းအတွင်းသို့ လူတစ်စုက ကားဖြင့်ရောက်လာပြီး ခြံဝင်းအတွင်းရှိ အိမ်ပေါ်တက်ရောက်ကာ သေနတ်ဖြင့်ပြစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ 

သေဆုံးသူမှာ ခင်မောင်လွင်(ခ)ဝါးကြီး(၅၆ နှစ်)ဖြစ်ပြီး ဦးခေါင်းနောက်စေ့၊ နားထင်တွင် ကျည်မှန်ဒဏ်ရာတစ်ချက်စီရရှိသေဆုံးခဲ့ကြောင်း သိရသည်။ အလောင်းကို အင်းစိန်ဆေးရုံသို့ ပို့အပ်ထားကြောင်း သိရသည်။ သေဆုံးသူ အမျိုးသားက ပေးဆပ်ရန်ရှိသည့် အကြွေးသိန်း ၃၅၀ ကို မပေးသဖြင့် ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။  

အဆိုပါခြံဝင်းအတွင်းသို့ AA 9131 ယာဉ်ဖြင့် လာရောက်သူများမှာ KNU အဖွဲ့မှ လူများဟု သိရပြီး ကားပေါ်တွင် ဒဏ်ရာများနှင့် လူ ၂ ဦးကိုလည်း တင်ဆောင်သွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ 
ထိုသို့ဖြစ်ပွားပြီးနောက် သက်ဆိုင်ရာက မအူပင် - တွံတေး ကားလမ်းအတိုင်း ပိတ်ဆို့ဖမ်းဆီးခဲ့ရာ တွံတေးအပိုင် မြဂိုးတွင် တစ်ဦးကို ဖမ်းမိခဲ့ပြီး ၃ ဦးမှာ ရေထဲသို့ ခုန်ချထွက်ပြေးသွားခဲ့ကြောင်း ကနဦးသတင်းများအရ သိရသည်။

'' သေနတ်နဲ့ပစ်သွားတဲ့ တစ်ယောက်ကို မိထားတယ်။ စုံစမ်းစစ်ဆေးမှုတွေပြီးမှ ပြောလို့ရမယ်" ဟု သောင်ကြီးနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။