သည်ဟိဂ်အခြေစိုက် နိုင်ငံတကာရာဇဝတ်ခုံရုံး(အိုင်စီစီ) သည် ကမ္ဘာလုံးဆိုင်ရာ စီရင်ပိုင်ခွင့် တောင်းဆိုနေပြီး အိုင်စီစီကို အသိအမှတ် မပြုနိုင်ကြောင်း၊ အမေရိကန်အချုပ်အချာအာဏာကို ရွေးကောက်ခံမဟုတ် တာဝန်ယူမှု တာဝန်ခံမှုမရှိသည့် အဖွဲ့အစည်းတစ်ရပ်ထံတွင် လက်နက်မချနိုင်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောဆိုခဲ့သည်။
နယူးယောက်တွင် ကျင်းပနေသည့် ကုလသမဂ္ဂအထွေထွေညီလာခံ၌ စက်တင်ဘာ ၂၅ ရက်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် တက်ရောက်ပြီး မိန့်ခွန်းပြောကြားခဲ့ရာ၌ ယင်းသို့ထည့်သွင်းပြောဆိုခြဲ့ခင်းဖြစ်သည်။
အိုင်စီစီကို အမေရိကန်က အသိအမှတ်ပြုမှာ မဟုတ်ကြောင်း အမေရိကန်နှင့် ပတ်သက်၍ အိုင်စီစီတွင် စီရင်ပိုင်ခွင့်မရှိကြောင်း သမ္မတထရမ့်က ပြောဆိုခဲ့ပြီး အိုင်စီစီသည် နိုင်ငံတိုင်းကပြည်သူများအားလုံး အပေါ်လောက်နီးနီးကို စီရင်ပိုင်ခွင့် တောင်းဆိုနေရာ ၄င်းသည် တရားမျှတမှုကို ချိုးဖောက်ခြင်းဖြစ်ကြောင်းလည်း ထရမ့်က စွပ်စွဲခဲ့သည်။ ရွေးကောက်ခံမဟုတ်သည့် တာဝန်ခံမှု တာဝန်ယူမှုမရှိသည့် ကမ္ဘာလုံးဆိုင်ရာ ဗျူရိုကရေစီစနစ်တစ်ရပ်အပေါ်တွင် အမေရိကန် အချုပ်အချာအာဏာကို မည်သည့်အခါမျှ လက်နက်ချပေးအပ်မည်မဟုတ်ဟုလည်း ပြောဆိုခဲ့သည်။
အမေရိကန်ကို အမေရိကန်များကသာ အုပ်ချုပ်ကြောင်း၊ ကမ္ဘာလုံးဆိုင်ရာဝါဒကို မထောက်ခံကြောင်း၊ တိုင်းချစ်ပြည်ချစ်ဝါဒ အခြေခံသဘောတရားကိုသာ လက်ခံယုံကြည်ကြောင်းလည်း ပြောဆိုခဲ့သည်။
ကုလသမဂ္ဂနဲ့ပတ်သက်၍လည်း ကုလအဖွဲ့အစည်းတစ်ခုဖြစ်သည့် UNHCR သည် စိုးရိမ်ဖွယ် ကသိကအောင့်ဖြစ်စရာ အဖွဲ့အစည်းကြီး ဖြစ်လာနေကြောင်း ယမန်နှစ်ကပင် အကြိမ်ကြိမ်သတိပေးခဲ့ကြောင်း၊ ၄င်းသည် အမေရိကန်နှင့် မိတ်ဆွေများကို ပုတ်ခတ်တိုက်ခိုက်နေစဉ် တစ်ဘက်၌ စံတင်လောက်သည့် လူ့အခွင့်အရေးချိုးဖောက်မှုများ ဖြစ်လာခြင်းကို မကာကွယ်နိုင်ခဲ့ကြောင်းလည်း ထရမ့်က ပြောဆိုခဲ့သည်။
ယင်းကြောင့်ပင် အမေရိကန်သည် UNHCR မှ နှုတ်ထွက်ခဲ့ခြင်းဖြစ်ပြီး အမေရိကန်တင်ပြထားသည့် ပြုပြင် ပြောင်းလဲမှုများ မလုပ်မချင်း UNHCR တွင် အမေရိကန် ပြန်လည်ပါဝင်မည်မဟုတ်ဟုလည်း ပြောဆိုခဲ့သည်။
ထို့ပြင် သမ္မတထရမ့်သည် အီရန်နျူကလီးယားအရေးနှင့် ပတ်သက်၍ အီရန်ခေါင်းဆောင်များကို ပုတ်ခတ်ပြောဆိုခဲ့ပြီး မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်ကိုမူ နျူဖျက်သိမ်းရေးဆောင်ရွက်ချက်များအတွက် ချီးကျူးပြောဆိုခဲ့သည်။ အမေရိကန်ပထမ မူဝါဒကြောင့် အမေရိကန်သည် တိုးတက်နေကြောင်း ကြွားဝါပြောဆိုခဲ့ပြီး ကုန်သွယ်ရေးနှင့်ပတ်သက်၍ တရုတ်ကို ပြစ်တင်ပြောဆိုခဲ့ကြောင်း သိရသည်။

















