မလေးရှားရင်းနှီးမြှုပ်နှံမှုရန်ပုံငွေ တစ်အမ်ဒီဘီ ပါဝင်ပတ်သက်နေသည့် ငွေမည်းခဝါချမှု၊ ငွေကြေးအလွဲသုံးစားမှု သံသယဖြင့် မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်၏ ဇနီးကို အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးဌာနက စက်တင်ဘာ ၂၆ ရက်တွင် စစ်ဆေးမှုများပြုလုပ်ခဲ့သည်။
ရို့စ်မာ မန်ဆာသည် ဇွန် ၅ ရက်မှစ၍ ဒုတိယအကြိမ်မြောက် ဆင့်ခေါ်ခံခဲ့ရခြင်းဖြစ်ပြီး ခင်ပွန်းဖြစ်သူကဲ့သို့ပင် ရာဇဝတ်မှုများဖြင့် စွပ်စွဲခံရနိုင်ခြေရှိနေသည်။ နာဂျစ်သည် ငွေမည်းခဝါချမှု၊ အကျင့်ပျက်ခြစားမှု၊ အာဏာအလွဲသုံးစားမှုနှင့် တစ်အမ်ဒီဘီနိုင်ငံပိုင်ရန်ပုံငွေပါဝင်နေသည့် မသမာမှုတွင် ယုံကြည်မှုချိုးဖောက်ခဲ့မှုတို့အပါအဝင် အမှုပေါင်းများစွာဖြင့် စွပ်စွဲခံထားရသော်လည်း အပြစ်မရှိကြောင်း ပြောဆိုခဲ့သည်။ နာဂျစ်သည် လာမည့်နှစ်တွင် ရုံးတင်စစ်ဆေးခံရမည်ဖြစ်သည်။
အစိမ်းရောင်ဝတ်စုံကိုဝတ်ဆင်ထားပြီး အရောင်တူလက်ဆွဲအိတ်ကို ကိုင်ဆောင်ထားသည့် ရို့စ်မာသည် ခြစားမှုတိုက်ဖျက်ရေးဌာနအဆောက်အအုံတွင်းသို့ ဝင်ရောက်ချိန်တွင် သတင်းထောက်များအား တစ်စုံတစ်ရာပြောဆိုခြင်းမပြုခဲ့ချေ။ အသက် ၆၆ နှစ်အရွယ် ရို့စ်မာသည် အသုံးအစွဲကြီးသော လူနေမှုပုံစံနှင့် တန်ဖိုးကြီး လက်ဝတ်ရတနာများ၊ ဒီဇိုင်နာအိတ်များကို နှစ်သက်မှုတို့ကြောင့် နာမည်ကျော်ကြားခဲ့သည်။
နာဂျစ်၏ပါတီရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့ပြီးနောက်တွင် ရဲတပ်ဖွဲ့ဝင်များက နာဂျစ်နှင့်ပတ်သက်သော နေအိမ်များကို ဝင်ရောက်ရှာဖွေခဲ့ရာ ဒေါ်လာ ၂၆၆ သန်းတန်ဖိုးရှိ တန်ဖိုးကြီးလက်ကိုင်အိတ်များ၊ လက်ဝတ်ရတနာများနှင့် ငွေစက္ကူများကို တွေ့ရှိခဲ့သည်။ လက်ကိုင်အိတ် ၅၆၇ အိတ်၊ နာရီ ၄၂၃ လုံး၊ လည်ဆွဲ ၁၄၀ဝ ခု၊ လက်စွပ် ၂၂၀ ခု၊ နားကပ် ၂၈၀ဝ ခုနှင့် သရဖူ ၁၄ ခုတို့အပါအဝင် လက်ဝတ်ရတနာ ၁၂၀ဝ၀ ခုတို့ကို သိမ်းဆည်းရမိခဲ့သည်။ မိသားစုက လက်ဆောင်ရရှိသည့် ပစ္စည်းများသာဖြစ်ကြောင်း နာဂျစ်က ပြောဆိုခဲ့သည်။
ဝန်ကြီးချုပ်၏ဇနီးတစ်ဦးသည် တန်ဖိုးကြီးလက်ဝတ်ရတနာများနှင့် အခြားလက်ဆောင်များကိုရရှိသည်မှာ မဆန်းလှကြောင်း ရို့စ်မာက ပြောဆိုခဲ့သည်ဟု ၂၀၁၃ ခုနှစ်တွင် ထွက်ရှိခဲ့သည့် အတ္ထုပတ္တိစာအုပ်တွင် ဖော်ပြထားသည်။ ထို့ပြင် ၎င်း၏ သီချင်းအယ်လ်ဘမ်မှလည်း ရင်းဂစ် သန်းပေါင်းများစွာရရှိခဲ့ကြောင်း ရို့စ်မာကပြောဆိုခဲ့သည်။ အယ်လ်ဘမ်ကို အများပြည်သူဝယ်ယူရန် ရောင်းချခဲ့ခြင်းမဟုတ်ဘဲ ၎င်း၏ပရိသတ် အစိုးရဝန်ကြီးများကသာ ဝယ်ယူခဲ့ကြခြင်းဖြစ်သည်။
၂၀ဝ၉ မှ ၂၀၁၄ ခုနှစ်အတွင်း နာဂျစ်၏ မဟာမိတ်များသည် ရန်ပုံငွေထဲမှ ဒေါ်လာ ၄ ဒသမ ၅ ဘီလျံကို အလွဲသုံးစားလုပ်ခဲ့ကြောင်း အမေရိကန်စုံစမ်းစစ်ဆေးသူများက ပြောဆိုခဲ့သည်။

















