မက္ကဆီကိုနိုင်ငံ အကာပါကိုမြို့ရှိ ရဲတပ်ဖွဲ့တစ်ဖွဲ့လုံးကို မူးယစ်ဂိုဏ်းများနှင့်ပတ်သက်မှုဖြင့် စုံစမ်းစစ်ဆေး

မက္ကဆီကိုနိုင်ငံ အကာပါကိုမြို့ရှိ ရဲတပ်ဖွဲ့တစ်ဖွဲ့လုံးကို မူးယစ်ဂိုဏ်းများနှင့်ပတ်သက်မှုဖြင့် စုံစမ်းစစ်ဆေး

မက္ကဆီကိုနိုင်ငံရှိ အပန်းဖြေမြို့ အကာပါကိုရှိ ရဲတပ်ဖွဲ့တစ်ဖွဲ့လုံးသည် မူးယစ်မှောင်ခိုဂိုဏ်းများ၏သြဇာသက်ရောက်ခြင်းကိုခံနေရသည်ဆိုသည့် သံသယဖြင့် ပြည်ထောင်စုအစိုးရ၏ စုံစမ်းစစ်ဆေးခြင်းကို ခံနေရပြီဖြစ်သည်။

လူသတ်မှုဖြင့် စွပ်စွဲခံထားရသည့် ရဲမှူးနှစ်ဦးကို လိုက်လံဖမ်းဆီးနေပြီဖြစ်ပြီး တစ်မြို့လုံးရှိ ရဲတပ်ဖွဲ့ဝင်များထံမှ လက်နက်များကို သိမ်းယူလိုက်ပြီဖြစ်သည်။ ပြည်နယ်ရဲတပ်ဖွဲ့နှင့် စစ်တပ်သည် မြို့တွင်း လုံခြုံရေးလှည့်လည်မည်ဖြစ်သည်။
    အကာပါကိုသည် လူချမ်းသာများနှင့် နာမည်ကျော်များ လာရောက်အပန်းဖြေသည့် မြို့အဖြစ် နာမည်ကျော်ကြားသော်လည်း မူးယစ်မှောင်ခိုလုပ်ငန်းအကြီးအကျယ်ဖြစ်ထွန်းပြီး လူသတ်မှုဖြစ်ပွားနှုန်းမြင့်မားသည့်မြို့အဖြစ်လည်း နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သည်။ 
    မြို့တည်ရှိသည့် ပြည်နယ် ဂူရဲရိုသည် နိုင်ငံတွင်း အကြမ်းဖက်မှုအထူပြောဆုံးပြည်နယ်ဖြစ်သည်။ ပြည်နယ်တွင်း လူဆိုးဂိုဏ်းများကြီးစိုးနေပြီး နေရာတချို့တွင် ဟီးရိုးအင်းထုတ်လုပ်ရန် ဘိန်းစိုက်ပျိုးမှုများပြုလုပ်နေသည်။
    မြို့ရဲတပ်ဖွဲ့အား ရာဇဝတ်ဂိုဏ်းများက ထိုးဖောက်ဝင်ရောက်နေပြီဆိုသည့် သံသယရှိခဲ့သောကြောင့် အရေးယူဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြည်ထောင်စုအဆင့် စုံစမ်းစစ်ဆေးသူများကပြောဆိုခဲ့သည်။ လစာနည်းပါးခြင်းနှင့် လေ့ကျင့်သင်ယူမှုမရှိခြင်းတို့ကြောင့် အကာပါကိုရှိ ရဲတပ်ဖွဲ့သည် မူးယစ်ဂိုဏ်းများ၏ အဓိကပစ်မှတ်ဖြစ်လာခဲ့သည်။
    မူးယစ်ဂိုဏ်းများသည် ၎င်းတို့၏ခေါင်းဆောင်များ၏အမိန့်ကိုနာခံရန် ရဲတပ်ဖွဲ့ဝင်များအား ငွေပေးပြီး ယင်းကို လိုက်နာခြင်းမပြုပါက သတ်ဖြတ်မည်ဟု ခြိမ်းခြောက်မှုများရှိခဲ့ကြောင်း ပြောဆိုမှုများရှိနေသည်။ ဒေသတွင်း ကြီးစိုးနေသည့် လက်နက်ကိုင်တပ်ဖွဲ့များရှိနေသောကြောင့် ဂူရဲရိုပြည်နယ်သို့ နိုင်ငံသားများ သွားရောက်ခြင်းမပြုရန် အမေရိကန်အစိုးရက အကြိမ်ကြိမ်သတိပေးခဲ့ပြီးဖြစ်သည်။ ယမန်နှစ်တွင် အကာပါကိုရှိ လူသတ်မှုဖြစ်ပွားနှုန်းသည် လူ ၁၀ဝ၀ဝ၀ လျှင် ၁၀၃ ဦးအထိရှိခဲ့သောကြောင့် မက္ကဆီကိုသည် ကမ္ဘာပေါ်တွင် လူသတ်မှုဖြစ်ပွားနှုန်းအမြင့်ဆုံး နိုင်ငံအဖြစ်ရပ်တည်ခဲ့သည်။