ပြင်သစ်တွင် လမ်းပေါ်၌ အမျိုးသမီးကို မလျော်မကန်ပြုမှု ဥပဒေဖြင့် အမျိုးသားတစ်ဦး ပထမဆုံးအကြိမ် အရေးယူခံရ

ပြင်သစ်တွင် လမ်းပေါ်၌ အမျိုးသမီးကို မလျော်မကန်ပြုမှု ဥပဒေဖြင့် အမျိုးသားတစ်ဦး ပထမဆုံးအကြိမ် အရေးယူခံရ

ပြင်သစ်နိုင်ငံတွင် လမ်းပေါ်၌ အမျိုးသမီးတစ်ဦးကိုမလျော်မကန် စော်ကားပြောဆိုပြုမူမှုဖြင့် အမျိုးသားတစ်ဦးကိုပထမဆုံးအကြိမ် စံနမူနာအဖြစ် ယူရို ၃၀ဝ ဒဏ်ရိုက်လိုက်ကြောင်း သိရသည်။ 

ထိုသူသည်  ဘတ်စ်ကားပေါ်တွင် အမျိုးသမီး၏ တင်ပါးကိုလက်ဖြင့် ပုတ်သလို၊ စကားဖြင့်လည်း ထိကပါးရိကပါး စော်ကားပြောဆိုခဲ့ကြောင်း တရားရုံးမှတ်တမ်းတွင် ဖော်ပြထားသည်။ လမ်းပေါ်တွင် တစ်ဖက်သားကိုစော်ကားပြောဆိုခြင်း၊ လေချွန်ခြင်းများကိုအရေးယူမည့် သြဂုတ်လက ပြဌာန်းခဲ့သောဥပဒေအရ ပထမဆုံးအရေးယူလိုက်ခြင်းဖြစ်သည်။ ဥပဒေအရယူရို ၇၅၀ ထိဒဏ်ရိုက်နိုင်ကြောင်း သိရသည်။ ပါရီတောင်ပိုင်းဒရာဗီအရပ်တွင် ကျူးလွန်သူအမျိုးသားသည် ဘတ်စ်ကားပေါ် တက်လာချိန်တွင် မူးနေပြီးအသက် ၂၁ နှစ်အရွယ် အမျိုးသမီးကိုတင်ပါးပုတ်ကာ၊ စော်ကားပြောဆိုခဲ့ခြင်းဖြစ်သည်။ ဘတ်စ်ကားဒရိုင်ဘာကဝင်ဟန့်တားကာထိုသူကိုဘတ်စ်ကားပေါ်ကပေးမဆင်းဘဲရဲခေါ်ပြီးရဲလက်အပ်ခဲ့သည်။ ကျူးလွန်သူအသက် ၃၁ နှစ်အရွယ် အမျိုးသားသည် အမျိုးသမီးကိုလိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု၊ ဘတ်စ်ကားဒရိုင်ဘာကို ရန်ပြုတိုက်ခိုက်မှုဖြင့်လည်း ထောင်ဒဏ် သုံးလ သီးခြားချမှတ်ခံခဲ့ရသည်။ 
    တာဝန်သိဘတ်စ်ကားဒရိုင်ဘာကိုအများပြည်သူကဝိုင်းဝန်းချီးကျူးလျက်ရှိသလို၊ လမ်းမပေါ် မတော်တရော် စော်ကားပြောဆိုမှု၊ ပြုမူမှုများကိုဒဏ်ရိုက်သည့် ဥပဒေသည်လည်းလိုအပ်ကြောင်းဖြင့် ပြင်သစ် ဆိုရှယ်မီဒီယာသုံးသူများကထောက်ပြပြောဆိုခဲ့ကြသည်။ 
    ပြင်သစ်တွင်သာမကပေါ်တူဂီနှင့် အာဂျင်တီးနားတို့တွင်လည်းလမ်းပေါ် စော်ကားပြောဆိုမှုများကိုအရေးယူမည့် ဥပဒေများ ပြဌာန်းထားရှိသည်။