ဓာတ်ပုံဝေမျှရေး လူမှုကွန်ရက် အင်စတာဂရမ်ကို ပူးတွဲဖော်ဆောင်ခဲ့သူများဖြစ်သည့် ကီဗင် စထရွမ်နှင့် မိုက်ခရေးဂါတို့သည် ဖေ့စ်ဘွတ်ခ်က ပိ်ုင်ဆိုင်သော ကုမ္ပဏီမှ နုတ်ထွက်ခဲ့ခြင်းသည် ဖေ့စ်ဘွတ်ခ်က ကတိမတည်ခဲ့၍ ဖြစ်ကြောင်း၊ ၄င်းတို့သည် အသစ်ဖန်တီးတည်ဆောက်ဦးမည်ဖြစ်ကြောင်း ပြောဆိုမှုများရှိနေသည်။
ဖေ့စ်ဘွတ်ခ်က အင်စတာဂရမ်ကို ဝယ်ယူခဲ့သည့် ၂၀၁၂ ခုနှစ်တွင် အင်စတာဂရမ်အား လွတ်လပ်ခွင့်များ ပေးမည်ဟု ကတိပြုခဲ့သော်လည်း မိခင်ကုမ္ပဏီသည် ပေးထားသည့် ကတိကိုတည်ခြင်းမရှိခဲ့ကြောင်း စထရွမ်နှင့် ခရေးဂါတို့က ယူဆခဲ့သည်ဟု သတင်းဆိုက် တက်ခရန့်ချ်က ဖော်ပြခဲ့သည်။ သိချင်စိတ်နှင့် ဖန်တီးနိုင်စွမ်းအတွက် အချိန်ပေးနိုင်ရန် နုတ်ထွက်ရခြင်းဖြစ်ကြောင်း စထရွမ်က စက်တင်ဘာ ၂၄ ရက် အနှောင်းပိုင်းတွင် တွစ်တာ၌ ရေးသားခဲ့သည်။
ဓာတ်ပုံဝေမျှရေး အပလီကေးရှင်းဖြစ်ပြီး ဖေ့စ်ဘွတ်ခ်က ဒေါ်လာ ၁ ဘီလျံဖြင့် ဝယ်ယူခဲ့သည့် အင်စတာဂရမ်ကို ဇွန်လအထိ အသုံးပြုသူ တစ်ဘီလျံအထိရှိခဲ့ပြီး မိခင်ကုမ္ပဏီဖြစ်သော ဖေ့စ်ဘွတ်ခ်အတွက် အမြတ်အစွန်းများစွာရရှိစေခဲ့သော ကွန်ရက်လည်းဖြစ်သည်။ အင်စတာဂရမ်သည် ၂၀၁၉ ခုနှစ်ရောက်ရှိချိန်တွင် ကြော်ငြာဝင်ငွေ ဒေါ်လာ ၁၀ ဘီလျံအထိရှိလာနိုင်ကြောင်း သုတေသနကုမ္ပဏီ အီးမားကစ်တာ၏ စာရင်းအင်းများအရ သိရသည်။
စထရွမ်နှင့် ခရေးဂါတို့က ကုမ္ပဏီမှနုတ်ထွက်ရသည့် အကြောင်းအရင်းကို တရားဝင် ထုတ်ဖော်ပြောဆိုခြင်း မပြုသော်လည်း ၎င်းတို့နှင့် ဖေ့စ်ဘွတ်ခ်အကြီးအကဲ မာ့ခ်ဇူကာဘတ်တို့ကြား တင်းမာမှုများရှိလာနိုင်ကြောင်း ပြောဆိုမှုများရှိခဲ့သည်။ ကီဗင်နှင့် မိုက်ခ်တို့သည် ထူးခြားသော ခေါင်းဆောင်များဖြစ်ကြပြီး အင်စတာဂရမ်က ၎င်းတို့၏ဖန်တီးနိုင်စွမ်းရည်ကို ထင်ဟပ်နေကြောင်း၊ ၎င်းတို့နှစ်ဦး ဖန်တီးတည်ဆောက်မည့် အရာကို စောင့်ကြည့်လိုပါကြောင်း ဇူကာဘတ်က ပြောဆိုခဲ့သည်။
ယခုအချိန်တွင် အသက် ၃၄ နှစ်ရှိပြီဖြစ်သည့် စထရွမ်သည် ခရေးဂါနှင့်အတူ ၂၀၁၀ ပြည့်နှစ်တွင် အပလီကေးရှင်းကို ဖန်တီးခဲ့သည်။ ၎င်းတို့နှစ်ဦးစလုံးသည် စတန်းဖို့ဒ် တက္ကသိုလ် ကျောင်းသားဘဝတွင် အပလီကေးရှင်းကို ဖန်တီးခဲ့ကြခြင်းဖြစ်သည်။ စထရွမ်၏ ကြွယ်ဝချမ်းသာမှုတန်ဖိုးသည် ဒေါ်လာ ၁ ဒသမ ၄ ဘီလျံခန့် ရှိနိုင်ကြောင်း ဖော့ဘ်စ်စီးပွားရေးမဂ္ဂဇင်းက ခန့်မှန်းထားသည်။
အသက် ၁၃ မှ ၁၇ နှစ်ကြား အမေရိကန်ဆယ်ကျော်သက်များအနက် ၅၁ ရာခိုင်နှုန်းသည် ဖေ့စ်ဘွတ်ခ်ကို အသုံးပြုနေပြီး ၇၂ ရာခိုင်နှုန်းသည် အင်စတာဂရမ်ကို အသုံးပြုနေကာ ၆၉ ရာခိုင်နှုန်းသည် စနက်ချတ်ကို အသုံးပြုနေကြောင်း ပြူးသုတေသနဌာနက ယခုနှစ်အစောပိုင်းတွင် ပြုလုပ်ခဲ့သည့် စစ်တမ်းတွင် ဖော်ပြထားသည်။

















