စည်းကျော်လျှင် အကြီးစားပေးဆပ်ရမည်ဟု အီရန်ကို အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး ခြိမ်းခြောက်

စည်းကျော်လျှင် အကြီးစားပေးဆပ်ရမည်ဟု အီရန်ကို အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး ခြိမ်းခြောက်

အီရန် ခေါင်းဆောင်ပိုင်းအနေဖြင့် တားထားသည့်စည်းကို ကျော်လွန်ကာအမေရိကန်နိုင်ငံ၊ နိုင်ငံသားများနှင့် မဟာမိတ်များကိုနစ်နာအောင် ပြုမူလာပါကအကြီးစား ပြန်ပေးဆပ်ရလိမ့်မည်ဟု အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး ဂျွန် ဘိုလ်တန်က ခြိမ်းခြောက်ပြောကြားလိုက်သည်။

အီရန်သည် အရှေ့အလယ်ပိုင်းတစ်ခွင် မတည်ငြိမ်မှုများမြင့်တက်အောင်၊ သေဆုံးမှုများ၊ ပျက်စီးမှုများ ဖြစ်ပွားအောင် မီးမွှေးနေသည်ဟု အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က စွပ်စွဲပြောကြားခဲ့ပြီးနာရီပိုင်းအတွင်းမှာပင် မစ္စတာဘိုလ်တန်က ထပ်လောင်း ခြိမ်းခြောက်လိုက်ခြင်း ဖြစ်သည်။ 
အီရန်သည် နိုင်ငံတကာ အသိုင်းအဝိုင်းကို ဆက်လက်လှည့်စားနေမည်ဆိုပါက ဆိုးကျိုး ကြီးကြီးမားမား ခံစားရလိမ့်မည်ဟုလည်း မစ္စတာ ဘိုလ်တန်က ခြိမ်းခြောက်လိုက်ပြီး "ကျုပ်တို့ စောင့်ကြည့်နေတယ်၊ ထိထိရောက်ရောက် အရေးယူမယ်" ဟုလည်း ကြုံးဝါးလိုက်သည်။
ထရမ့် အစိုးရ၏ ရိုင်းပြရန်လိုမှုများကို အီရန်သမ္မတဟတ်ဆန်  ရိုဟာနီက တန်ပြန်ကာ ဝေဖန်ရှုတ်ချလိုက်သည်။ ၂၀၁၅ အီရန် နျူကလီးယားသဘောတူချက်မှ  နုတ်ထွက်ပြီးနောက်ပိုင်း အမေရိကန်အစိုးရသည် အီရန်အပေါ် ဆန်ရှင်(sanction)များတိုးမြှင့်ချမှတ်ခဲ့သည်။ ယခင်သမ္မတဟောင်းဘားရတ် အိုဘားမားလက်ထက်က သဘောတူခဲ့သော အီရန်နှင့် အင်အားကြီးခြောက်နိုင်ငံ နျူကလီးယားသဘောတူစာချုပ်အရအီရန်က နျူလုပ်ငန်းများလျှော့ချပေးရမည်ဖြစ်ကာ အပြန်အလှန်အားဖြင့် အင်အားကြီး နိုင်ငံများက ဆန်ရှင်များဖြေလျှော့ပေးရမည်ဖြစ်သည်။ 
    အမေရိကန်နုတ်ထွက်မှုကြောင့် ကျန်ရစ်သည့် ဗြိတိန်၊ တရုတ်၊ ပြင်သစ်၊ ဂျာမနီ၊ ရုရှားတို့ကအမေရိကန် ဆန်ရှင်ကိုရှောင်ရှားကာအီရန်နှင့် ပုံမှန်အတိုင်းစီးပွားဆက်ဆံနိုင်စေမည့် ငွေကြေးကွန်ရက်သစ် ထူထောင်မည်ဟု ထုတ်ပြန်ကြေညာထားသည်။ထိုအစီအစဉ်သည် အကျိုးအမဲ့ဆုံးအစီအစဉ်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးမိုက်ခ် ပွမ်ပီယိုက ဝေဖန်ပြောကြားခဲ့သည်။ 
    လက်ရှိတွင် အမေရိကန်အနေဖြင့် အီရန်ကိုစစ်ရေးထက် စီးပွားရေးအရ ပိုဖိအားပေးအရေးယူရန် အလေးပေးကြောင်းလည်း မစ္စတာဘိုလ်တန်က ထပ်လောင်းပြောကြားသွားသည်။