လှိုင်သာယာမြို့နယ်တွင် ခြံစည်းရိုးခတ်ပေးခ ကျန်ငွေ ကျပ်သိန်း၃၃၀ လာရောက်တောင်းယူစဉ် အပြန်အလှန်စကားများခဲ့ကြပြီး သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခဲ့သည်ဆိုသူ ၄ ဦးကို ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က အချိန်ပိုင်းအတွင်းဖမ်းဆီးခဲ့မှု စက်တင်ဘာလ ၂၆ ရက်တွင်ဖြစ်ပွားခဲ့သည်။
အဆိုပါနေ့ နံနက် ၁၁ နာရီ ခွဲ အချိန်ခန့်တွင် လှိုင်သာယာမြို့နယ်၊ အပြင်ပဒံကျေးရွာ၊ ဆန်စက်လမ်း၊ အမှတ်(မရှိ)နေ ခင်မောင်လွင်(ခ)ဝကြီး၊ (၅၆)နှစ်၊ နေအိမ်တွင် အောင်မင်းဦး(စိစစ်ဆဲ)နှင့်အတူရှိနေစဉ် ယခင်သိကျွမ်းသော တွံတေးမြို့နယ်နေ စောလမွန်(ခ)ကိုစော၊ (၃၉)နှစ် (၄)ဦးတို့က EE/9319 Fielder(ငှား)ယာဉ်ဖြင့် ရောက်ရှိလာပြီး ၄င်းတို့ရရန် ရှိသည့်ခြံစည်းရိုးခတ်ခ ပေးရန်ကျန်ငွေကျပ်(၃၃၀)သိန်းကို လာရောက်တောင်းခံရာ မရသဖြင့် အပြန်အလှန်စကားများခဲ့ကြပြီး စောလမွန်(ခ)ကိုစောတို့အဖွဲ့က ပစ္စတိုသေနတ်ဖြင့် အနီးကပ်ပစ်ခတ်ခဲ့သည်။
ခင်မောင်လွင်(ခ)ဝကြီးတွင် ယာနား ထင်၊ ဦးခေါင်းနောက်စေ့အောက် ကျည်ဖောက်ဝင်ဒဏ်ရာရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း၊ အောင်မင်းဦးကို ဝိုင်းဝန်းထိုးကြိတ်ထားသဖြင့် ယာမျက်ခုံး၊ မျက်လုံးတို့တွင် ဖူးရောင်ဒဏ်ရာ(စိုးရိမ်ရ)ရရှိခဲ့ပြီး ပြစ်မှုကျူးလွန်သူများမှ အောင်မင်းဦးအား လက်ထိပ်ခတ်၍ စီးလာသည့် အငှားယာဉ်ဖြင့်ပင် တင်ဆောင်ခေါ်ယူ ကာ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့သွားကားလမ်းအတိုင်း ထွက်ခွာသွားကြောင်း သက်ဆိုင်ရာက သတင်းရရှိခဲ့သည်။
ထွက်ပြေးတိမ်းရှောင်သူများအား ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးမှ အနီးကပ်ကြီးကြပ်ကွပ်ကဲလျက် လိုက်လံပိတ်ဆို့ဖမ်းဆီး ခဲ့ရာ နေ့လည် ၁၂ နာရီ ခွဲ အချိန်တွင် ရန်ကုန်-မအူပင်သွားကားလမ်း၊ မြဂိုးကျေးရွာအနီးတွင် ပြစ်မှုကျူးလွန် သူများ ငှားရမ်းစီးနင်းလာသည့် EE/9319 Fielder ယာဉ်နှင့် မြောက်ဥက္ကလာပမြို့နယ်နေ ယာဉ်မောင်း ဇေယျာဦး၊ (၄၀)နှစ် ကို တွေ့ရှိဖမ်းဆီးခဲ့သည်။
စသ်ဆေးချက်အရ ၎င်းမှာ အငှားယာဉ်မောင်းဖြစ်ပြီး စောလမွန်(ခ)ကိုစောပါ ၄ ဦးအဖွဲ့က ကျပ် ၅၀၀၀၀ ဖြင့် ငှားရမ်းခဲ့ကြောင်း၊ ၄င်းတို့အချင်းချင်း ပြဿနာနှင့် သိရှိ ဆက်စပ်မှုမရှိကြောင်းနှင့် အောင်ထွန်း ချောင်းအတိုင်း စက်လှေဖြင့် တွံတေးတူးမြောင်းဘက်သို့ ထွက်ပြေးသွားကြောင်းပြောပြသိရသည်။
ပူးပေါင်းရဲတပ်ဖွဲ့ဝင်များက တွံတေး မြို့နယ်၊ ရေကျော်လေးကျေးရွာရှိ ငါးကန်စောင့်တဲတစ်ခုအတွင်း အောင်မင်းဦးအား ဒဏ်ရာများဖြင့်တွေ့ရှိ ၍ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့သည်။
ထို့နောက် မွန်းလွဲ ၃ နာရီ ၄၀ မိနစ်အချိန်၌တွံတေး မြို့နယ်၊ ရေကျော်လေးကျေးရွာအနီး အခြားငါးကန်ဘောင်များပေါ်တွင် စောလမွန်(ခ) ကိုစောပါ ၄ ဦးတို့ကို တွေ့ရှိခဲ့သဖြင့် ခြောက်လှန့် ပစ်ခတ်ကာ လက်နက်ချ အဖမ်းခံရန်စည်းရုံးပြောဆိုခဲ့သည်။
၎င်းတို့က အဖမ်းခံသဖြင့် ၎င်းတို့ထံမှ ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့ကြသည့် ပွိုင့် ၄၅ ပစ္စတိုသေနတ် ၁ လက်၊ ၄င်းကျည် ၁ တောင့်၊ ရီမင်တန်တစ်လုံးထိုး သေနတ် ၁ လက်၊ ၄င်းကျည် ၅ တောင့် တို့နှင့်အတူဖမ်းဆီးရမိခဲ့ပြီးဖြစ်စဉ်အသေးစိတ်အခြေအနေ၊သေနတ်လက်ဝယ်ရရှိမှုအခြေအနေများအားကွင်းဆက် မပြတ် ဆက်လက် ဖော်ထုတ်၍ ဥပဒေနှင့်အညီဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
သေနတ်ဖြင့်ပစ်ခတ်သတ်ထွက်ပြေးခဲ့သူ ဗိုလ်ကြီး အဆင့်ရှိ စောလမွန်(ခ)ဗိုလ်စော ဆိုသူမှာ KNU တပ်မဟာ ၇ မှ စီးပွားရေးတာဝန်ခံတစ်ဦးဖြစ်ကြောင်း သိရသည်။
သေဆုံးသူမှာ ယခင် ဝါးအရောင်းအဝယ်လုပ်ကိုင်သည်ဟုသိရပြီး ယခုအချိန်တွင် ကြက်တိုက်လောင်းကစားပြုလုပ်သူတစ်ဦးဖြစ်ကြောင်း၊ ယခင်က ကျုးကျော်မြေကွက်များ ခြံစည်းရိုးခေတ်သည့်ကိစ္စများနှင့်ပတ်သက်ဆက်နွှယ်နိုင်ကြောင်း ဒေသခံများထံမှ သိရသည်။

















