ဆိုင်ကယ်တူးဘောက်အတွင်းထည့်ထားသည့် ငွေကျပ် ၂၃ သိန်း ခိုးယူသူကို ဖမ်းဆီးစစ်ဆေးရာက အခြားခိုးယူမှုပါ ပေါ်ပေါက်

ဆိုင်ကယ်တူးဘောက်အတွင်းထည့်ထားသည့် ငွေကျပ် ၂၃ သိန်း ခိုးယူသူကို ဖမ်းဆီးစစ်ဆေးရာက အခြားခိုးယူမှုပါ ပေါ်ပေါက်

နေပြည်တော်ကောင်စီနယ်မြေတွင် ဆိုင်ကယ်တူးဘောက်အတွင်းထည့်ထားသည့် ငွေကျပ် ၂၃ သိန်းကို ခိုးယူခဲ့သည်ဆိုသူကို သက်ဆိုင်ရာက စက်တင်ဘာ ၂၅ ရက်တွင် ဖမ်းဆီးစစ်ဆေးရာက အခြားခိုးမှုများပါ ပေါ်ပေါက်ခဲ့သည်။

သြဂုတ် ၅ ရက် နံနက် ၉ နာရီခွဲအချိန်တွင် နေပြည်တော်နေ တိုင်တန်းသူသည် ရာဇဌာနီလမ်း နှင်းဆီပန်း ဝိုင်းအနီးရှိ KBZ ဘဏ်ခွဲ ၂ မှ မော်လမြိုင်နှင့်လွိုင်ကော်မြို့မှလွှဲပေးသည့် ငွေကျပ် ၂၃ သိန်းကို ဇနီးဖြစ် သူ နှင့်အတူ ဆိုင်ကယ်ဖြင့်လာရောက်ထုတ်ယူခဲ့သည်။

ငွေများကို ဆိုင်ကယ်တူးဘောက်အတွင်းထည့်ကာ စားသောက်ဆိုင်တစ်ခုတွင် ချိန်းဆိုထားသည့်  ဇေယျာသီရိမြို့နယ်မှ မိတ်ဆွေဖြစ်သူထံ သွားရောက်ခဲ့ကြောင်း၊ ဆိုင်ကယ်ကို ၎င်းဆိုင်ရှေ့ရှိကွမ်းယာဆိုင်အနီးတွင် ရပ်ထားခဲ့ပြီး နာရီဝက်ခန့်အကြာ နေအိမ် သို့ပြန် လာစဉ် ဆိုင်ကယ်တူးဘောက်အတွင်းဘဏ်မှ ထုတ်ယူလာသည့် ငွေကျပ် ၂၃ သိန်းမှာပျောက်ဆုံးနေ သည်ကိုသိရသဖြင့် ပတ္တာနယ်မြေရဲစခန်းတွင်(ပ)၁၂၁/၁၈၊ ရာဇသတ်ကြီးပုဒ်မ-၃၇၉ အရ အမှုဖွင့် တိုင်တန်းခဲ့သည်။

အဆိုပါအမှုနှင့်ပတ်သက်၍ ပတ္တာနယ်မြေ စခန်းမှူး စခန်းမှူး ရဲအုပ်ဝင်းရွှင်အဖွဲ့နှင့် ဥတ္တရခရိုင် မှုခင်းနှိမ်နင်းရေးအဖွဲ့နှင့်ပူးပေါင်းအဖွဲ့တို့စုံစမ်းခဲ့ရာ စက်တင်ဘာ ၂၅ ရက် မွန်းလွဲ ၃ နာရီအချိန်ခန့် နှင်းဆီပန်းဝိုင်းအနီးရှိ ကမ္ဘောဇဘဏ် (၂)အနီး တွင် ၆၄ယ/၄၀၃၄၇ ဟွန်ဒါ125 နက်/ပြာရောင်က လစ်ဆိုင်ကယ်(၁)စီးနှင့်အမှုဖြင့် မသင်္ကာဖွယ်သူ ပုဗ္ဗသီရိမြို့နယ်နေ မောင်မျိုး(၄၉)နှစ်ကို ဖမ်းဆီး ရမိခဲ့သည်။

စစ်ဆေးချက်များအရ အဆိုပါငွေများကို စက်တင်ဘာ ၈ ရက်တွင် မော်လမြိုင်သို့ ယူဆောင်ခဲ့ ပြီး ၄င်းကိုဖမ်းဆီးစဉ်က တွေ့ရှိခဲ့သည့် ဆိုင်ကယ်ကို ဝယ်ယူခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည်။

သက်ဆိုင်ရာက ၄င်း ခိုးယူခဲ့သည့်ငွေများနှင့်  ပြစ်မှုကျူးလွန်ခဲ့စဉ်က ဝတ်ဆင်ခဲ့သောအဝတ်အစား ၊ အသုံးပြုခဲ့သော ယာဉ်အမှတ် ၆၅ယ/၃၄၁၈၇ ဟွန်ဒါဝေ့ 110 နက်/ပြာရောင် ဆိုင်ကယ်(၁)စီး၊ VIVO အမျိုးအစား လက်ကိုင်ဖုန်း (၁)လုံးတို့ကိုသိမ်းဆည်းခဲ့သည်။

အမှုမှ ပြစ်မှုကျူးလွန်သူ မောင်မျိုးအား ဆက်လက်စစ်ဆေးဖော် ထုတ်ခဲ့ရာ စက်တင်ဘာ ၂၀  ရက်နံနက် ၉ နာရီခွဲအချိန်ခန့်တွင် ပုဗ္ဗသီရိမြို့နယ် သံလွင်လမ်းမကြီးဘေး ကျော်နန်းတော် ဆိုင်ကယ် အရောင်းပြခန်းရှေ့တွင်ရပ်ထားသောဆိုင်ကယ်(၁)စီး၏ တူးဘောက်အတွင်းမှ ငွေ(၃)သိန်းကျော် ခန့်အားခိုးယူခဲ့ကြောင်း၊ ၎င်းခိုးယူခဲ့သောငွေဖြင့် OPPO အမျိုးအစားဖုန်းဟန်းဆက်(၁)လုံးကို ဝယ်ယူခဲ့ကြောင်း ပေါ်ပေါက်ခဲ့သဖြင့် အဆိုပါပစ္စည်းများကို သိမ်းဆည်းကာ ဆက်လက်အရေးယူထားသည်။