မွန်ပြည်နယ် ပေါင်မြို့နယ် မှော်ဘီကျေးရွာဘုန်းတော်ကြီးကျောင်းထိုင်ဆရာတော် ဉူးတေဇိန္ဒကို ဝိနည်းဓမ္မကံ အဓိကရုဏ်း မှုခင်းများ ဖြေရှင်းဆုံးဖြတ်ချက်အရ လူဝတ်လဲပြီး ထောင်ခြောက်လကျခံစေရန် ပေါင်မြို့နယ်တရားရုံးက စက်တင်ဘာ ၂၇ ရက်နေ့တွင် အမိန့်ချမှတ်ခဲ့သည်။
စက်တင်ဘာ ၂၆ ရက် ညပိုင်းတွင် ပေါင်မြို့နယ် မှော်ဘီကျေးရွာဘုန်းတော်ကြီး ကျောင်းဝင်းအတွင်း အဆိုပါကျေးရွာနေထိုင်သူများနှင့် ကျောင်းထိုင်ဆရာတော် ဉူးတေဇိန္ဒကို ကိုးကွယ်ယုံကြည်သူများ အကြားလူမှုရေးကိစ္စ စကားများခဲ့ရာက ည ၇ နာရီခန့်တွင် အဓိကရုဏ်းဖြစ်ပွားခဲ့ပြီး စက်တင်ဘာ ၂၇ ရက် နံနက်ပိုင်းရဲတပ်ဖွဲ့ဝင်များရောက်ရှိလာချိန်တွင် လေးဦး ဓားဒဏ်ရာ ပေါက်ပြဲဒဏ်ရာများရရှိကာ မော်လမြိုင်ဆေးရုံသို့တင်ပို့ခဲ့ရကာ မော်လမြိုင် လူမှုကယ်ဆယ်ရေး အသင်းမှ ၁၆ ဦး၊ အေးမြကြည်လင် ကယ်ဆယ်ရေးအသင်းမှ ရဟန်းတစ်ပါးအပါအဝင် လေး ဦးတို့ကို ကယ်ထုတ်ခဲ့ရကြောင်း သိရသည်။
" ကျားမအရွယ်စုံ ဓါးကိုယ်စီနဲ့တွေ့ရတယ်။ ဓားထိုးခံရတဲ့သူအပါဝင် ထိခိုက်ဒဏ်ရာရတဲ့သူ ၅ ယောက် ကို လူနာတင်ကားနဲ့တင်ပြီး ထွက်လာတယ်။ ဘုန်းကြီးကျောင်းထိပ်ကနေ မင်းတို့ အဲ့လူတွေ တင်ပြီး ထွက်လာရဲရင် ထွက်ကြည့် မင်းတို့ ကားပါ ခြေလိုက်မယ်လို့အော်ပြောတယ်" ဟု အခင်းဖြစ်ရပ်ကို မျက်မြင်တွေ့ရှိသူ မော်လမြိုင်အရေးပေါ်လူမှုကယ်ဆယ်ရေးအဖွဲ့မှ ကိုကျော်စွာဟိန်းက ပြောဆိုသည်။
အဆိုပါမှော်ဘီကျေးရွာဘုန်းတော်ကြီးကျောင်းထိုင်ဆရာတော် ဉူးတေဇိန္ဒသည် ဝိနည်းဓမ္မကံ အဓိကရုဏ်း မှုခင်းများ ဖြေရှင်းဆုံးဖြတ်ချက်များ ကာကွယ်စောင့်ရှောက်သောဥပဒေပုဒ်မ ၁၁ အရ ဖမ်းဝရမ်း ထုတ်ခံရထားသူဖြစ်ပြီး အခင်းဖြစ်ပွားခဲ့သည့် ကျောင်းတိုက်အတွင်းဘုန်းကြီးအပါအဝင် တံခါးပိတ်နေထိုင်နေသူ ၂၀ ကျော်ရှိကြောင်း သိရသည်။
တရားရုံးအမိန့်ဆုံးဖြတ်ချက်အရ ကျောင်းထိုင်ဆရာတော် ဉူးတေဇိန္ဒအား လူဝတ်လဲကာ သထုံအကျဉ်းထောင်သို့ပို့ဆောင်ခဲ့ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။

















